ပုန်းညက်  ၂၄   မတ် 

 

ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီမြို့ ပုန်းညက်ကျေးရွာရှိ ပင်လယ်ပြင်ကမ်းခြေတစ်လျှောက် သဲသောင်ပြင်၌ လိပ်ဥ တက်ရောက်ဥချလေ့ရှိသည့် ရှားပါးပင်လယ်လိပ်မျိုးစိတ်များမှာ တစ်နှစ်ထက်တစ်နှစ် တွေ့ရှိမှု လျော့နည်းလာသဖြင့် မျိုးသုဉ်းမပျောက်ကွယ်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများအား တစ်စိုက်မတ်မတ် ဆောင်ရွက်လျက်ရှိကြောင်း မတ် ၂၃ ရက် က ပုန်းညက်ကျေးရွာနေ ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်းပူးပေါင်း စီမံခန့်ခွဲမှု အသင်းအတွင်းရေးမှူး (KIFCA) ဦးသန့်ဇင်ဦးက ပြောကြားသည်။

 

အဆိုပါဒေသရှိ ရှားပါးပင်လယ်လိပ်မျိုးစိတ်များမှာ ပင်လယ်ရေလုပ်သားများ ဖမ်းဆီးစားသောက်ခြင်းနှင့် စည်းကမ်းမဲ့ ငါးဖမ်းပိုက်များကြောင့် တစ်နှစ်ထက်တစ်နှစ် တွေ့ရှိမှုလျော့နည်းလာရခြင်းဖြစ်ကြောင်း သိရသည်။

 

image-0-02-

 

"ဒီကမ်းခြေသဲသောင်ပြင်ပေါ်မှာ ပင်လယ်လိပ်မျိုးစိတ်တွေ တက်ရောက်ဥချတာဟာ တစ်နှစ်ထက်တစ်နှစ် အရမ်းကို လျော့နည်းလာတယ်။ အရင်တုန်းကတော့ မျိုးစိတ် ငါးမျိုးစလုံးဥချတာကို တွေ့မြင်ခဲ့ရတာ။ လိပ်စောင်းလျား မျိုးစိတ်ဆိုရင် ပြီးခဲ့တဲ့ ရှစ်နှစ်လောက်က ၂ ကောင် လောက်သဲသောင်ပြင်မှာ ဥချ သွားတာတွေ့သေးတယ်။အခုဆို မတွေ့တာ နှစ်အတော်ကြာနေပြီ။ နောက်ပြီး ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ လိပ်ထိန်းသိမ်းစောင့်ရှောက်ရေးတွေ လုပ်ခဲ့တုန်းကဆို လိပ်လှောင်း၊ လိပ်ကြက်တူရွေး၊ ပြင်သာလိပ်၊ လိပ်ခွေး၊ အဲ့ဒီ လေးမျိုးစလုံး ဒီကမ်းခြေသဲသောင်ပြင်မှာ ၂၁ ကောင် ကျော်ခန့် တက်ရောက်ဥချတာ မှတ်တမ်းယူခဲ့သေးတယ်။ အဲ့ဒီတုန်းက မှတ်မှတ်ရရပြောရရင် အကောင်ပေါက် ၁၈၀ဝ  လောက်ပြန်လွှတ်ပေးနိုင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်းအကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေလုပ်ကိုင်မှု အားနည်းခဲ့တယ်။ ဒီနှစ်ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ စပြီးအခုမတ်လ ၂၃ ရက်အထိပေါ့ ။ ပင်လယ်လိပ်လှောင်းမျိုးစိတ်နဲ့ ပြင်သာလိပ်မျိုးစိတ် စုစုပေါင်း အမ ၅ ကောင် တက်ရောက်ဥချတာတွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့တဲ့အပြင် ငါးဖမ်းပိုက်မှာ မမျှော်လင့်ဘဲ ဖမ်းမိလာတဲ့ ပင်လယ်လိပ်လှောင်းမျိုးစိတ်အမ ၃ ကောင်နဲ့ အဖို တစ်ကောင်၊ ပြင်သာလိပ်မျိုးစိတ် အမတစ်ကောင်ကိုလည်း မှတ်တမ်းရယူခဲ့ပြီး ပင်လယ်ထဲ ပြန်လွှတ်ပေးနိုင်ခဲ့တယ်။ အခုလို လိပ်မျိုးစိတ်တွေ တွေ့ရှိမှု လျော့နည်းလာတာကလည်း ပင်လယ်ရေလုပ်သားတွေ ဖမ်းဆီးစားသောက်တာရယ် စည်းကမ်းမဲ့ ငါးဖမ်းပိုက်တွေကြောင့် တစ်စတစ်စနဲ့လိပ်မျိုးစိတ်တွေ ဆုံးရှုံးသွားတာပါ။ ကြာလာရင် မျိုးသုဉ်းသွားလိမ့်မယ်။ ဒါကြောင့် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေ တစ်စိုက်မတ်မတ် လုပ်ဆောင်နေရတာပါ။ "ဟု ကျိ န္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲရေးအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ဦးက ပြောသည်။

 

အဆိုပါ မျိုးသုဉ်းနိုင်သည့် အနေအထားရှိနေသော ယင်းလိပ်မျိုးစိတ်များအား မျိုးသုဉ်း မပျောက်ကွယ်ရန် ငါးလုပ်ငန်းဦးစီးဌာန၊ ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (RCA) ၊ ဒေသခံ လိပ်ထိန်းသိမ်းရေး ကော်မီတီများ၊ လိပ်သားဖောက်ရာတွင်လည်း လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့ ဝန်ထမ်းများ (TSA)နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) ဝန်ထမ်းများ ပူးပေါင်း၍ ယင်းဒေသများတွင် ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ ယနေ့အချိန်အထိ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို စွမ်းစွမ်းတမံ ဆာင်ရွက်လျက်ရှိကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

 

image-0

 

ကမ္ဘာပေါ်တွင် ပင်လယ်လိပ်မျိုးစိတ် ခုနှစ်မျိုးတွေ့ရှိရပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းခြေဒေသ၌ လိပ်စောင်းလျား၊ ပြင်သာလိပ်၊ လိပ်လှောင်း၊ လိပ်ကြက်တူရွေး၊ လိပ်ခွေး ဟူ၍ ပင်လယ်လိပ်မျိုးစိတ် ငါးမျိုး တွေ့ရှိနိုင်ကာ ယင်းရခိုင် ကမ်းခြေဒေသအနက် ကျိန္တလီမြို့ ပုန်းညက်ကျေးရွာတို့ရှိ ပင်လယ်ကမ်းခြေတစ်လျှောက် သဲသောင်ပြင်များတွင်လည်း အဆိုပါ လိပ်မျိုးစိတ်များ တက်ရောက်ဥချ မှု အများဆုံး တွေ့ရှိခဲ့ရကြောင်း ရှားပါးပင်လယ်လိပ်မျိုးစိတ်များ လေ့လာနေသော ပညာရှင်များ၏ ပြောပြချက်အရ သိရသည်။

 

ယခုအခါ ရှားပါးပင်လယ်လိပ်မျိုး စိတ်များမျိုးသုဉ်းမပျောက်ကွယ်ရန် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကို ကျိ န္တလီဒေသ ကမ်းနီးရေလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှု ဧရိယာအဖြစ် ကမ်းခြေအရှည် ၂၄ မိုင်(ဧကအားဖြင့် ၁၇၉၂၀ဝ ဧက) သတ်မှတ်ပြီး အဆိုပါ သတ်မှတ် ဧရိယာအား ထိန်းသိမ်းရေးဇုန် ၃   ဇုန် ပိုင်းခြား၍ ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည် မတ် ၁၉ ရက်၌ ထိန်းသိမ်းရေးဇုန် (၁)ပုန်းညက်ကမ်းခြေအပိုင်းတွင် ပင်လယ်လိပ်လှောင်းမျိုးစိတ် သားပေါက်ကောင်ရေ ၉၇ ကောင်ကိုလည်း ပင်လယ်ထဲ ပြန်လွှတ်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

 

သတင်း - ပိန်းဇလုပ်သိန်းညွန့်

 

 ဓာတ်ပုံ - သားကြီး (ပုန်းညက်)

 

received_6494