မော်လမြိုင် ၂၄ မတ်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီမြို့ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)၊ နယ်စပ်စစ်ဆေးရေးစခန်း( Border Control Facilities- BCF) တွင် CIQ(Customs, Immigration& Quarantine) နေရာချထားရေးကိစ္စရပ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးခန်းမဆောင်၌ ချစ်ကြည်ရေးတံတားအမှတ်(၂)၊ နယ်စပ်စစ်ဆေးရေးစခန်းတွင် တာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းသိန်းမှ လက်ရှိဆောင်ရွက်နေသည့်အခြေအနေ၊ မြဝတီကုန်သွယ်ရေးဇုန်တွင် ဆောင်ရွက်နေသည့်အခြေအနေ၊ ချစ်ကြည်ရေးတံတားအမှတ်(၂) ဖွင့်လှစ်ခဲ့ပြီးနောက် ဆောင်ရွက်သွားမည့်အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ချက်များအားလည်းကောင်း။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကုသရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက ၎င်းတို့ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေ များကို တင်ပြကြရာပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အသစ်ဖွင့်လှစ်ပြီးသော မြန်မာ - ထိုင်းအမှတ်(၂)နှင့် တံတား အမှတ်(၁)တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မြန်မာ - ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၂) နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်ပစ္စည်းများ စစ်ဆေးခြင်း၊ ခရီးသည်ဝင်/ထွက်မှုများအား စစ်ဆေးခြင်း၊ အစားအသောက်ဆေးဝါးများကို စစ်ဆေးခြင်း၊ တိရစ္ဆာန်အပင်ပိုးမွှားနှင့် ရေထွက်ပစ္စည်းများစစ်ဆေးခြင်း၊ ခရီးသည်များတွင် ကူးစက်ရောဂါပိုးများ ကူးစက်ထားခြင်း ရှိမရှိ စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြို့င်မြို့ရှိ အစိုးရအဖွဲ့ ဧည့်ရိပ်သာ၌ ဝန်ကြီးဌာနရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


