ရန်ကန် ၂၄  မတ်        

      

ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ  ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့  သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျောင်းသုံးစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ် ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ပုဂ္ဂလိက ပုံနှိပ်တိုက်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက  တစ်နိုင်ငံလုံး အတွက်  ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းသုံး စာအုပ်များ  အချိန်မီ ပုံနှိပ်၊ ထုတ်လုပ် ပြီးစီးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးရန် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် အပတ်က မန္တလေးမြို့ရှိ ပုံနှိပ်စက်ရုံများကို သွားရောက် စစ်ဆေးရာ  လုပ်ငန်း အတော်အသင့် ပြီးစီးနေသည်ကို တွေ့ရ ကြောင်း၊  ကျောင်းဖွင့်ချိန်အမှီ အရည်အသွေးပြည့်မှီသည့် ကျောင်းသုံးစာအုပ်များ ကျောင်းသားများ လက်ဝယ်ရောက်ရှိရန် အရေးကြီးပါကြောင်း၊  ယနေ့တွင် ရန်ကုန်မြို့ရှိ နိုင်ငံပိုင် ပုံနှိပ်စက်ရုံများနှင့် ပုဂ္ဂလိက ပုံနှိပ်တိုက်များ၏ တိုးတက်မှု၊ ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို သိရှိလိုကြောင်း ပြောကြားသည်။

 

1

 

ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့က ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းသုံး စာအုပ်များ ပုံနှိပ်၊ ထုတ်လုပ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ပုဂ္ဂလိကပုံနှိပ်တိုက်များမှ တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းသုံးစာအုပ်များ ပုံနှိပ်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

 

3

 

ထို့နောက် ဒုတိယဝန်ကြီးက ပုံနှိပ်စက်ရုံများ၏ သဘာဝဘေးအန္တရာယ်၊ မီးဘေး အန္တရာယ်ကို အထူးသတိပြုကြရန်၊ ကျောင်းသုံးစာအုပ်များ၏ အရည်အသွေးပိုင်း ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ကြရန်နှင့် ကျောင်းသုံးစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်ရာ၌ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးကို ပူးပေါင်း၍ အားစိုက်ဆောင်ရွက်ကြရန် မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ စက်မှုဇုန် (၁) ရှိ Royal ပုံနှိပ်တိုက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ စက်မှုဇုန်ရှိ နှစ်သစ်ဦး ပုံနှိပ်တိုက်နှင့် စိုး ပုံနှိပ်တိုက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုန် (၁) ရှိ 7 Day ပုံနှိပ်တိုက်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန် (၁) ရှိ MPPA Binding ၊ စတားအင်ပါယာ ပုံနှိပ်တိုက်နှင့် Intelligent Print Solutions Co., Ltd -IPS စက္ကူနှင့် ခရိုင်ပို့ဆောင်စာအုပ်သိုလှောင်ရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။ 

 

(သတင်းစဉ်)

 

0