ရန်ကုန် ၂၄  မတ် 

 

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရှင်များအား ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကကြီးများနှင့် အလုပ်အမှုဆောင်များ၊ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု စိစစ်အကဲဖြတ်အဖွဲ့ဝင်များ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့သည့် ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ၊ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲဖြစ်မြောက်အောင် ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

0.1

 

ရှေးဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မုဒိတာစကား ပြောကြားသည်။

 

ထို့နောက် မြန်မာ့ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ကျေးဇူးတင်စကား ပြောကြားပြီး မြန်မာ့ရုပ်ရှင် ထူးချွန်ဆု စိစစ်အကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌ၊ နာယက ဦးကြည်စိုးထွန်းက မျိုးဆက်သစ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ဆက်လက်၍  ၂၀၁၈ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆု ဆုချီးမြှင့်ပွဲအခမ်းအနားကို ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသည့် မိတ်ဖက်အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ၂၀၁၈ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဆုရ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များများအား Bella Man Care Be the power မှ ရွှေရင်ထိုးတစ်ခုစီ၊ Excellent Fortune Development Group Co;Ltd မှ ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်း က ဂုဏ်ပြုဆုငွေ ဆယ်သိန်းစီ၊ ရွှေနန်းတော်စိန်ရွှေရတနာဆိုင်မှ ဥက္ကဋ္ဌ  ဒေါက်တာ အောင် ကျော်ဝင်း က ရွှေဆွဲပြား (၁)ကျပ်သားစီ၊ မင်္ဂလာရုပ်ရှင်ရုံမိသားစုများ၏ဥက္ကဋ္ဌ ဦးဇော်မင်း (မင်္ဂလာ) က ဆုငွေ ငါးသိန်းစီ၊ JCGV Cinemas က ဂုဏ်ပြုဆုငွေ သုံးသိန်းစီနှင့် Mega Ace Cineplex က  ဂုဏ်ပြုဆုငွေ သုံးသိန်းစီတို့အား ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများကိုယ်စား အကယ်ဒမီကျော်ကျော်ဗိုလ် က ကျေးဇူးတင်စကား ပြောကြားသည်။

 

(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ဇော်မင်းလတ်)

 

1