နေပြည်တော် ၂၄ မတ်
နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချို တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အဖွင့်အမှာစကား ပြောကြားပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း က ဆုရွေးချယ် ချီးမြှင့်ခြင်းအကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုက ပထမဆုရရှိကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအား လည်းကောင်း၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ဒုတိယဆုရရှိကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအား လည်းကောင်း၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က တတိယဆုရရှိကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအားလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများသည် အကဲဖြတ်ဒိုင်လူကြီးများ၊ ဆုရရှိကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယနေ့ကျင်းပသည့် နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ဆုများရရှိခဲ့ကြ သည့် MSMEs လုပ်ငန်း ၁၄ ခုကို အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ အတိုးနှုန်းသက်သာသည့် ဘဏ်ချေးငွေများ ကူညီဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ သုံးရက်ကြာကျင်းပခဲ့သည့် ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားတွင် အိမ်သုံးနှင့်လက်မှု ပစ္စည်းလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ စက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ချည်မျှင်နှင့်အထည် လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စက်မှုဝန်ကြီးဌာနတို့မှ ပြခန်း စုစုပေါင်း ၂၇၀ ကျော်ပါဝင်ပြသခဲ့ပြီး ယနေ့နောက်ဆုံးနေ့တွင် လာရောက်ကြည့်ရှုလေ့လာကြသူများနှင့် စည်ကား လျက်ရှိသည်။
(သတင်းစဉ်)


