ပုဇွန်တောင်  ၂၅ မတ်


ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ် မြသိန်းတန်ကျောင်းတိုက်၌ မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်ပေးအပ်သော ဆုနှင်းသဘင် အခမ်းအနားကို ကျင်းပခဲ့သည်။


အခမ်းအနားကို ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော်များနှင့် လူပရိသတ်တို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ကြွရောက်လာကြကုန်သော ပရိသတ်အပေါင်းတို့က မြို့နယ်သဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအရှင်ဇာဂရထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြပြီး ပုဇွန်တောင်မြို့နယ် ဓမ္မပူဇာသဘင် ဖြစ်မြောက်ရေး အဖွဲ့ဝင်များနှင့် စေတနာရှင်တို့က ပင့်သံဃာတော် အရှင်မြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ဥပါသကာများ၊ ဓမ္မာရုံ ဆွမ်းလောင်း အဖွဲ့ဝင်များမှ စာမေးပွဲ အောင်မြင်တော်မူကြကုန်သော သံဃာတော်များအား ဘွဲ့လက်မှတ်များ ဆပ်ကပ်ခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊လူမှုရေးအသင်းအဖွဲ့များ၊ ဥပါသကာများနှင့်မြို့နယ်အတွင်းရှိ ဓမ္မာရုံဆွမ်းလောင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ကိုဘုန်း