မုံရွာ ၂၅ မတ်
မြေသြဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေး ထုတ်လုပ်ရောင်းချသူများ ရှောင်ရန်၊ ဆောင်ရန်များနှင့် လိုက်နာရမည့် အချက်အလက်များ အသိပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
“အခုသင်တန်းကို စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေးစီမံကိန်း (AIIP)အရ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးပြီး ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့ထုတ်လုပ် ရောင်းချသူတွေအနေနဲ့ ပိုးသတ်ဆေး၊ မြေသြဇာတွေ စနစ်တကျ သိုလှောင်တာ၊ ဖြန့်ဖြူးရမယ့် အချက်တွေကို ပိုပြီးသိရှိနိုင်စေဖို့အတွက် ဖွင့်လှစ်ပေးခြင်းဖြစ်တယ်” ဟု မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးက ပြောသည်။
သင်တန်းသို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်အမာကြည်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး ထုတ်လုပ်ရောင်းချသူများ၊ ဖိတ်ကြားထားသူများနှင့် စိုက်ပျိုးရေး ပညာပေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဝင်းဦး(ဇေယျာတိုင်း)


