ရန်ကုန် ၂၆ မတ်


နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် အာဆီယံနိုင်ငံများ အပါအဝင် အရှေ့နိုင်ငံများကို အဓိကထား ဖိတ်ခေါ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောသည်။


“ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ အဓိက အများဆုံး ဖိတ်ခေါ်တာ မျှော်လင့်ကြိုဆိုတာက ဒီအရှေ့နိုင်ငံတွေပေါ့၊ အရှေ့နိုင်ငံတွေဆိုတာ အာဆီယံမိတ်ဖက် နိုင်ငံတွေပါတယ်၊ နောက် ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ် စသည်ဖြင့်ပေါ့၊ ကျွန်တော်တို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ နိုင်ငံတွေလာပြီးတော့မှ လာရောက်ဆောင်ရွက်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ကြိုဆိုပါတယ်၊ ကျွန်တော်တို့ ပေါ်လစီကတော့ အိန္ဒိယလည်း ပါပါတယ်၊ အိန္ဒိယ အပါအဝင် ကမ္ဘာ့အရှေ့ခြမ်းမှာ ရှိတဲ့နိုင်ငံတွေ”ဟု ဦးအောင်နိုင်ဦး က ပြောသည်။


လက်ရှိ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ အများဆုံးဝင်ရောက်ခဲ့ပြီး ယင်းကုန်ထုတ်လုပ်မှု ကဏ္ဍများအနက် အထည်ချုပ်လုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်း၊ ရေခဲသေတ္တာ/တီဗီ စသည့် အီလက်ထရောနစ် ပစ္စည်းများ တပ်ဆင်သည့်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်းများ အဝင်များကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။


ထို့ပြင် ခရီးဆောင်အိတ် အမျိုးမျိုး ချုပ်လုပ်သည့် လုပ်ငန်းများလည်း ထပ်မံဝင်ရောက်လာနိုင်ကြောင်း၊ အဆိုပါ အိတ်ချုပ် လုပ်ငန်းများက အမေရိကန်နိုင်ငံသို့ တင်ပို့ပါက အခွန်သက်သာခွင့် အထူးအခွင့်အရေး GSP ရရှိကြောင်း ဦးအောင်နိုင်ဦး က ပြောသည်။


“နောက်ထပ်ပြီး ဝင်လာနိုင်တာက အိတ်ချုပ်တဲ့ လုပ်ငန်းတွေ၊ ခရီးဆောင်အိတ် အမျိုးမျိုးချုပ်တဲ့ လုပ်ငန်းတွေ၊ ဘာကြောင့်လည်းဆိုတော့ အိတ်ချုပ်တဲ့ လုပ်ငန်းတွေက အမေရိကားမှာ GSP ရတယ်၊ ပို့လို့ရှိရင် အဲဒါကြောင့်မလို့ ဒီလုပ်ငန်းတွေ ထပ်ဝင်လာဖို့ရှိတယ်”ဟု ၎င်းက ဆိုသည်။


ထို့ပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ဝင်ရောက်လာသည့် နိုင်ငံများစာရင်းတွင်လည်း စင်ကာပူနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး နံပါတ်တစ် နေရာတွင်ရှိပြီး တရုတ်နိုင်ငံမှာ ဒုတိယ အများဆုံး ဖြစ်သည်။ ထိုင်းနိုင်ငံမှာလည်း ရင်းနှီးမြှုပ်နှံမှု တတိယ အများဆုံးဖြစ်ပြီး ဟောင်ကောင်မှာ စတုတ္ထနေရာတွင် ရပ်တည်နေသည်။


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်များကို ပြုလုပ်လျက်ရှိပြီး လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ငါးလကျော်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၄၃ သန်းကျော် ရရှိထားပြီး  ပြီးခဲ့သည့် နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၆၀ဝ ကျော် ပိုမိုရရှိထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။


ထို့ပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၁၅ ရက်အထိ ခွင့်ပြုခဲ့သည့် ပရောဂျက်များမှာလည်း သီလဝါအထူးစီးပွားရေးဇုန် အပါအဝင် ပရောဂျက် ၁၂၉ ခု ရှိပြီး ပြီးခဲ့သည့်နှစ် ကာလတူတွင် ပရောဂျက် ၈၀ သာ ရရှိထားသောကြောင့် ယခုဘဏ္ဍာနှစ်တွင် ပရောဂျက် ၄၉ ခု တိုးလာကြောင်း ၎င်းက ဆက်ပြောသည်။


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ ဝင်ရောက်ရန် မျှော်မှန်းထားသည်။ 


Nyein Nyein (GNLM)