မုံရွာ ၂၆  မတ် 
    

သဖန်းဆိပ်ဆည်ရေသောက်ဧရိယာအတွင်းရှိ မြို့နယ်(၉)ခုတွင် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(Jica)၏ ချေးငွေကျပ် ၆၅၄၁.၉ဝ သန်းဖြင့် စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး စီမံကိန်း( Agriculture Income Improvement Prpject – AIIP )ကို စိုက်ပျိုးရေးဦးစီးဌာနမှအကောင်အထည်ဖော် လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
    

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သဖန်းဆိပ်ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးဝင်ငွေကို မူလထက် (၁.၅)ဆအထိ တိုးတက်လာစေရန်အတွက်ဖြစ်ပြီး ၎င်းစီမံကိန်းတွင် စိုက်ပျိုးရေးတိုးတက်မှုနှင့် စိုက်ပညာ တိုးတက်ရေး၊ စက်မှုလယ်ယာစနစ်တိုးမြှင့်ခြင်း၊ အဆင့်မြင့်လယ်ယာဧက(၅ဝဝဝ)ကိုဖော်ဆောင်ခြင်း၊ ဆည်ရေပေး စနစ် အဆင့်မြှင့်တင်ခြင်းနှင့် ကုန်ထုတ်လမ်း၊တံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
    

သဖန်းဆိပ်ဆည်ရေသောက်ဧရိယာအတွင်းရှိ ရွှေဘို၊ဝက်လက်၊ ကန့်ဘလူ၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ဘုတလင်နှင့် အရာတော်မြို့နယ်တို့တွင်  စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်း (Agriculture Income Improvement Prpject – AIIP)ကို (၇)နှစ်ကြာ အကောင်အထည်ဖော်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)