ချောင်းဦး မတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ အနော်ရထာခန်းမတွင် မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတွင် နိုင်ငံတော်မှ အကောင်အထည်ဖော်လုပ်ဆောင်ခဲ့သည့် မြန်မာဆယ်မာအူးလ်အွန်ဒုံ (ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း)အောင်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာဆယ်မာအူးလ်အွန်ဒုံ (ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း)ကို (၃)နှစ်ကြာကာလအတွင်း စွမ်းဆောင် ရည်မြှင့်တင်ရေးလုပ်ငန်း၊ လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း၊ ဝင်ငွေတိုးတက်ရရှိရေး စသည့် လုပ်ငန်း ကြီး(၃)ရပ်ဖြင့် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ရာ စီမံကိန်းအောက်ဆုံးနှစ်တွင် ချောင်းဦး မြို့နယ်အတွင်းရှိ ကျေးရွာ (၅)ရွာသည် ဖွံ့ဖြိုးမှု(A)အဆင့်ဖြင့် ထူးချွန်ဆုရရှိခဲ့သဖြင့် ဂုဏ်ပြုအောင်ပွဲကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
'' မြန်မာဆယ်မာအူးလ်အွန်ဒုံ (ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း)စီမံကိန်းကာလကတော့ ပြီးသွားပြီ စီမံကိန်း လွန်ကာလတွေမှာတော့ ဝင်ငွေတိုးလုပ်ငန်းတွေကနေအမြတ်ငွေတွေရရှိမှာဖြစ်တယ်၊ အဲဒီငွေထဲကနေ အချိုးချပြီး ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကျေးရွာက ပြည်သူတွေက စုပေါင်း လုပ်ဆောင်ပြီး ဒီစီမံကိန်းကို ဆက်ပြီး အကောင်အထည်ဖော်သွားမှာပါ ၊ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ကတော့ ထိန်းသိမ်းတည့်မတ်ပေးရမဲ့ အပိုင်းကနေပဲ ရှိနေမယ်၊ အကောင်အထည်ဖော်တဲ့အပိုင်းကတော့ ကျေးရွာအစီအစဉ်နဲ့ပဲ သွားမှာပါ '' ဟု ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ပြောသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာဆယ်မာအူးလ်အွန်ဒုံ (ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း)အောင်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များ က မြန်မာဆယ်မာအူးလ်အွန်ဒုံ (ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း)(၅)ရွာ ဆူးလေကုန်း၊ ဘူတာ၊ ရွှေဒါးကျ၊ ယာကြီးတော၊ အင်းမ ကျေးရွာတို့မှ စီမံကိန်း တာဝန်ခံများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


