ထားဝယ် ၂၆ မတ် 


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ ANRPC (Association of Natural Rubber Producing countries) Workshop on Supply , Demand and Modelling of Natural Rubber Industry အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၊ဟိုတယ်ထားဝယ်၌ ကျင်းပသည်။


ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးမြင့်စန်း က အဖွင့်အမှာစကား ပြောကြားရာ၌ ကုန်ပစ္စည်းထုတ်လုပ်မှုအတွက် ရော်ဘာသည် အရေးကြီးသော စက်မှုကုန်ကြမ်းတစ်ခုဖြစ်ပြီး တာယာဝယ်လိုအားများကြောင့် နိုင်ငံခြားဝင်ငွေ ရရှိစေသော ကုန်ပစ္စည်းတစ်ခုလည်းဖြစ်ကြောင်း ၊ ဆွေးနွေးပွဲပြုလုပ်ပေးခြင်းအားဖြင့်  ပြည်တွင်းပညာရှင်များ အနေဖြင့် သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်ဝယ်လိုအားနှင့် ရောင်းလိုအားဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ၊ကောက်ယူစုစည်းသည့် နည်းလမ်းများ၊ ကောက်ယူရရှိသည့် အချက်အလက်များ၊ အသုံးပြုသည့် နည်းစနစ်များအား လေ့လာဆွေးနွေးခွင့်ရရှိပြီး အကြံဉာဏ်ကောင်းများ အပြန်အလှန် နှီးနှောဖလှယ်နိုင်မှာဖြစ်ကြောင်း ၊ လက်ရှိ ရော်ဘာဈေးကွက် အခြေအနေများနှင့် စီးပွားရေး ရှု့ထောင့်အမြင်များကို ယခုလို နိုင်ငံတကာပညာရှင်များ လာရောက်ချိန်မှာ အလေးထား ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ANRPC အတွင်းရေးမှူးချုပ်  Dr Nguyen Ngoc Bich က နှုတ်ခွန်းဆက်စကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ  တက်ရောက်လာသောဧည့်သည်တော်များအား မြန်မာ့ရော်ဘာကဏ္ဍ  ဗီဒီယိုဖိုင်အားပြသပြီး တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။


ဆွေးနွေးပွဲ တွင် စိုက်ပျိုးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ၊ ပြည်တွင်းပညာရှင်များ ၊ ကမ္ဘောဒီးယား ၊ တရုတ် အပါအဝင် နိုင်ငံတကာမှ ပညာရှင်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ ၊ ဖိတ်ကြားထားသူများက မြန်မာ့ရော်ဘာကဏ္ဍနှင့် ပတ်သက်၍ မတ် ၂၈ ရက်နေ့အထိ အပြန်အလှန် ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
                                

ကျော်ကျော်လတ်(IPRD)

 

1