နေပြည်တော် ၂၆ မတ်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆောင်ရွက်မည့် Dog Shelter တည်ဆောက်ရေးနှင့် ခွေးလေခွေးလွင့်များ တိုးပွားမှု မရှိစေရေး မျိုးထိန်းစနစ်ဆောင်ရွက်မည့် အစီအမံနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ(၂)၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးဆန်းနိုင်က ဌာနအလိုက် လုပ်ငန်းတာဝန်များအရ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန၏ ခွေးလေခွေးလွင့် ရှင်းလင်းရေး တာဝန်သည် နေ့စဉ်ပြည်သူလူထု၏ တင်ပြတောင်းဆိုခြင်း ခံနေရပြီး ဖြေရှင်းဆောင်ရွက် ပေးနေရသည့် လုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ ထိုသို့ရှင်းလင်းပေးရန် တောင်းဆိုမှုများနှင့်အတူ ရှင်းလင်းဆောင်ရွက်မှုအတွက်လည်း အမြဲကန့်ကွက် ဝေဖန်ခြင်း၊ တားဆီးခြင်းများကို ကြုံတွေ့နေရသည့် လုပ်ငန်းစဉ်လည်း ဖြစ်ပါကြောင်း။
နေပြည်တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန၏ လုပ်ငန်းတာဝန်အပိုင်းတွင် ခွေးလေခွေးလွင့် ရှင်းလင်းရေးကို တာဝန်တစ်ခုအနေဖြင့် ထည့်သွင်းပြဋ္ဌာန်းပြီး ဌာန၏ စီမံချက်အရ ပုံမှန်ရှင်းလင်းခြင်း၊ အများပြည်သူများ၏ တောင်းဆိုမှုကြောင့် ရှင်းလင်းပေးရခြင်းများ ဆောင်ရွက်ပေးနေရပါကြောင်း၊ ထိုသို့ ရှင်းလင်းဆောင်ရွက်ရာတွင် Strychnine HCI ဆေးကို အသားထဲထည့်၍ ပစ်ကျွေးကာ စောင့်ကြည့်ရပြီး လဲကျသေဆုံးသည့်အချိန် သယ်ယူပြီး မြေမြှုပ်ခြင်းနှင့် မီးရှို့ခြင်းများ ဆောင်ရွက်ရပါကြောင်း။
ထိုသို့ အဆိပ်ချ ရှင်းလင်းဆောင်ရွက်နေခြင်းအား ပြည်သူအများစု မကြိုက်နှစ်သက်ဘဲ ဝေဖန်မှုများ မြင့်တက်လာခဲ့သဖြင့် ပိုမိုကောင်းမွန်သည့် နည်းစနစ်များ အသုံးချပြီး ပညာရှင်များ အကူအညီဖြင့် အခြေခံကျသည့် Dog Shelter တစ်ခုဆောက်၍ ဆောင်ရွက်ရန် စတင်ခဲ့ပါကြောင်း၊ ယခုမှ အစပျိုးဆောင်ရွက်မည် ဖြစ်သည့်အတွက် တွေ့ရှိရမည့် အခက်အခဲအပေါ် ဒေသတွင်းပြည်သူလူထု၏ အကူအညီလို အပ်ချက်များကိုလည်း သိရှိနိုင်အောင် ယနေ့ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဌာနကြီးမှူး (ထုတ်လုပ်ရေး) ဦးစိုးဟန်က အမှာစကားဆက်လက် ပြောကြားပြီး တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန ဌာနမှူး ဦးသိန်းနိုင်က ခွေးလေခွေးလွင့်များ ရှင်းလင်းထားရှိမှု အခြေအနေနှင့် Dog Shelter တည်ဆောက်ရန်အတွက် ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်နိုင်ဦးက ခွေးရူးရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ယင်းနောက် ကော်မတီဝင် ဦးဆန်းနိုင်က အကြံပြုဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရှင်များ၊ တိရစ္ဆာန်ချစ်သူ/ ခွေးချစ်သူအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် စိတ်ပါဝင်စားသည့် ပြည်သူများ တက်ရောက်ကြသည်။
Dog Shelter တည်ဆောက်ရန်အတွက် ပုဗ္ဗသီရိမြို့နယ်၊ ချင်းတွင်းလမ်းနှင့် ဘုဏ်းကွဲဆည်အနီးတွင် မြေဧရိယာ (၅)ဧကခန့်နှင့် အကောင်အရေအတွက် (၅၀ဝ)ဆံ့ အဆောက်အဦ စတင်ဆောင်ရွက်ရန် ရည်ရွယ်ထားပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ တစ်ဆင့်ချင်း တိုးမြှင့်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။
(သတင်းစဉ်)


