ကလေး ၂၇ မတ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသခံပြည်သူများ နေအိမ်ဆောက်လုပ်ရန် သစ်လိုအပ်ချက်အပေါ် အမှန်တကယ် သုံးစွဲခွင့်ရရှိရေးကို ရည်ရွယ်၍ ကလေးခရိုင် သစ်တောဦးစီးဌာန ကလေးမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့မှ ဖမ်းဆီးရမိ တရားမဝင် သစ်လုံးနှင့် ခွဲသား၊ တံခါးရွက်၊ ပြတင်းပေါက်များ၊ သစ်စက်ဆက်စပ်ပစ္စည်းများနှင့် နံ့သာဖြူများအား မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချပေးခြင်းကို ဧပြီ ၄ ရက် နံနက် ၉ နာရီတွင် ကလေးခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၌ ပြုလုပ်မည်ဖြစ်ကြောင်း ဖမ်းဆီးရမိ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်း၊ သစ်စက်နှင့် ဆက်စပ်ပစ္စည်းများ လေလံတင် ရောင်းချ ရေးကော်မတီထံမှ သိရသည်။
ကလေးခရိုင် ကလေးမြို့နယ်နှင့် မင်းကင်းမြို့နယ်အတွင်း ဖမ်းဆီးရမိပုံစံ(၈)ဝင် သစ်နှင့် သစ်တောထွက် ပစ္စည်းများဖြစ်သည့် သစ်မာအုပ်စု (၂/၃)နှင့် အခြားသစ်လုံးနှင့် ခွဲသား ၈၅၇ ဒသမ ၂၈၂၇ တန်၊ ကျွန်းတံခါးရွက်/ ကျွန်းပြတင်းပေါက် ၁ ဒသမ ၄၂၁ တန်၊ သစ်စက် ဆက်စပ်ပစ္စည်းရှစ်မျိုး ၁၁၁ ခုနှင့် နံ့သာဖြူ ၃၆ ချောင်း( ၈ ဒသမ ၅ပိဿာ)တို့အား စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနတွင် တရားဝင် မှတ်ပုံတင် လိုင်စင်ရရှိထားသည့် သစ်အခြေခံ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းရှင်များ၊ သစ်စက်သေး/ သစ်စက်ကြီးနှင့် အချောထည်စက်/ လျှာထိုး စက်လုပ်ငန်းရှင်များ၊ သစ်အရောင်းဆိုင် လုပ်ငန်းရှင်များ၊ ပရိဘောဂ လုပ်ငန်းရှင်များ၊ အစိုးရဌာနမှ ဌာနပိုင် အဆောက်အဦများ၊ လမ်းတံတားများ ဆောက်လုပ်ရန်အတွက် အစိုးရဌာန အသီးသီးတွင် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများမှ သစ်လိုအပ်ချက်အပေါ် မူတည်၍ လိုအပ်သည့် အချက်အလက်၊ အထောက်အထား များနှင့်အတူ လေလံဆွဲ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ကလေးခရိုင် ဈေးပြိုင်လေလံတင်ရောင်းချရေး ကော်မတီ၏ လေလံတင်ရောင်းချခြင်းကြော်ငြာအမှတ်စဉ် (၃/၂၀၁၈- ၂၀၁၉) အရ သိရသည်။
သစ်တောဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်သစ်တောဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ခရိုင်/ မြို့နယ်ဦးစီးအရာရှိများ၊ သစ်တောဝန်ထမ်း များနှင့်အတူ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ မိမိဒေသအတွင်း တရားမဝင် သစ်နှင့် သစ်တောထွက် ပစ္စည်းများကို အရှိန်အဟုန်မြှင့် လိုက်လံစစ်ဆေး သိမ်းဆည်းလျက်ရှိရာ ဖမ်းဆီးရမိ သည့် တရားခံများအား သစ်တောဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချင်းတွင်းသား


