နေပြည်တော်  ၂၇  မတ် 


မြန်မာနိုင်ငံတွင် အွန်လိုင်းအသုံးပြုမှု များပြားလာသည်နှင့်အမျှ Digital Art နှင့် ပတ်သက်သည့် ဖွံ့ဖြိုးမှုနည်း ပညာများကိုလည်း လူငယ်များ စိတ်ဝင်စားမှု များပြားလာကြောင်း သိရသည်။


Digital Art နှင့်ပတ်သက်၍ Animation  နှင့် Manga drawing  လုပ်ကိုင်ဆောင်ရွက်နေသည့် မသိမ့်သိမ့်ထွန်းက “နည်းပညာတွေက ထွန်းကားလာတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဒီလိုနည်းပညာနဲ့ ကိုယ့်စိတ်တိုင်းကျ ဖန်တီးမှုတွေ လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုနိုင်လို့  ပိုပြီးစိတ်ဝင်စားတာ ဖြစ်ပါတယ်။ ကိုယ်ဖန်တီးထားတဲ့ Animation လေးကို တခြားသူတွေ သဘောကျတာမြင်ရင် ဝမ်းသာပီတိဖြစ်မိတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဖော်ပြတဲ့အရာတွေကိုလည်း ဆောင်ရွက်သွားချင်တယ်။ သင်တန်းတွေလည်း လိုက်တက်ပြီးတော့ ထပ်ပြီးလေ့လာသင်ယူနေပါတယ်” ဟု ပြောသည်။


Digital Art နှင့်ပတ်သက်သည့်  Game & Animation Industry နှင့် စီးပွားရေးကြော်ငြာလုပ်ငန်းများတွင် လူငယ်များသည် Game Character Artist, Concept Artist, Story board Artist, 2D & 3D Animator ပညာရှင်များအဖြစ် လုပ်ကိုင် ဆောင်ရွက်လာကြကြောင်း သိရသည်။ 


Digital Art နှင့် ပတ်သက်သည့် လုပ်ငန်းများ ဆောင်ရွက်နေသည့် Huion Myanmar မှ ဒေါ်မေလင်းက " အခုအခါမှာ နိုင်ငံတကာ မှာရော မြန်မာနိုင်ငံမှာပါ  Digital Art နဲ့ ပတ်သက်တဲ့  Industry တွေ အလုပ်အကိုင် အခွင့်အလမ်းတွေ များပြားလာသလို Digital Art ကို စိတ်ဝင်စားတဲ့ လူငယ်တွေလည်း ပိုပြီးများပြားလာပါတယ်။


လူငယ်တွေအတွက် Digital Art နဲ့ ပတ်သက်တဲ့ သင်တန်းတွေကိုလည်း ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုကူညီပေးတဲ့ နေရာမှာ Digital Art ကို စတင်လေ့လာလိုတဲ့ လူငယ်ဝါသနာရှင်တွေကို ပိုမိုထိရောက်စွာ ဝေမျှနိုင်ဖို့အတွက် ကျွန်မတို့ရဲ့ Huion SEA နဲ့ Hexagon Institute of Art & Design တို့ရဲ့ သဘောတူ စာချုပ်ရေးထိုးပွဲကို မတ် ၂၇ ရက်မှာ ရန်ကုန်က Summit Park View ဟိုတယ်မှာ  ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပွဲလေးကိုကျင်းပရတဲ့ ရည်ရွယ်ချက်ကလည်း မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာကို Digital Art အသွင်နဲ့ ဆန်းသစ်ဖန်တီးပေးနိုင်မယ့် Professional Myanmar Digital Artists တွေ ပေါ်ထွန်းနိုင်စေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် Digital Art ကို စိတ်ပါဝင်စားတဲ့   နယ်ပယ်အသီးသီးမှ လူငယ်တွေကို လာရောက် လေ့လာနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်ဟု ပြောသည်။        

                                               
အောင်မင်းဟန်