ဆိပ်ဖြူ ၂၇ မတ်
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ၆၆/ ၁၁ကေဗွီ ဓာတ်အားခွဲရုံတွင် 5 (MVA)မှ 10 (MVA) ထရန်စဖော်မာ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းကို မတ်၂၆ ရက် နံနက် ၇ နာရီမှ ည ၁၂ နာရီ ထိဆောင်ရွက်ခဲ့သည်။
အဆိုပါ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းမှာ လျှပ်စစ်ဓာတ်အား သုံးစွဲသည့် ပြည်သူအများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရယူ သုံးစွဲနိုင်စေရန်နှင့် ကျေးရွာများ လျှပ်စစ်ဓာတ်အား တိုးချဲ့တပ်ဆင်ပေးနိုင်ရန် အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ ၁၃ ရွာ၊ ဆင်ဖြူမြို့နယ်ရှိ ကျေးရွာများကို လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူးဆောင်ရွက်ပေးလျှက်ရှိပြီး ၂၀၁၈ /၂၀၁၉ ဘဏ္ဍာနှစ်တွင်လည်း ကျေးရွာ(၁၄) ရွာ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင်ပြုရန်ပုံငွေဖြင့် ကျေးရွာ (၁၂)ရွာကို လျှပ်စစ်ဓာတ်အားတိုးချဲ့ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
၆၆/ ၁၁ကေဗွီဓာတ်အားခွဲရုံ 5 (MVA)မှ 10 (MVA) ထရန်စဖော်မာတိုချဲ့တပ်ဆင်ခြင်းလုပ်ငန်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ် စမ်းသပ်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တည်ဆောက်ရေးအဖွဲ့များ၊ မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)


