မန္တလေး ၂၇ မတ် 


မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် အတွင်းရှိ ၃၈ လမ်း(အသစ်) ကို သင်္ကြန်အပြီးတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။

 

1


အသစ်ဖောက်လုပ်လိုက်သော လမ်းအသစ်သည် ယခင်က တပ်မတော် နယ်မြေခံ တပ်ရင်းတစ်ခု၏ အုတ်တံတိုင်းခတ် ဧရိယာတွင် ပါဝင်နေသောကြောင့် ၇၈ လမ်းမှ ၇၃ လမ်း (မန္တလေး တက္ကသိုလ် အဝင်လမ်း) အထိ တစ်ဆက်တည်းသွားလာ၍ မရသော လမ်းပိတ်တစ်လမ်း ဖြစ်သည်။

 

1


"အဲ့ဒီလမ်းကို ဖွင့်လှစ်ဖို့အတွက် ကြာမြင့်ခဲ့ရခြင်းက မန္တလေးမြို့အတွက်  စံပြလမ်း တစ်လမ်း ဖြစ်လာစေဖို့ အကောင်းဆုံး တည်ဆောက်နေတာကြောင့် ကြာသွားတာဖြစ်တယ်။ သင်္ကြန်ပြီးရင်တော့ လမ်းကို ဖွင့်လှစ်သွားမှာပါ " ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။


၃၈လမ်း(အသစ်) သည် ပေပေါင်း ၂၆၀ဝပေ ရှည်လျားပြီး လမ်းအကျယ်ပေ ၆၀ နှင့် ပလက်ဖေါင်း ဧရိယာသည် ၆ ပေ ကျယ်ဝန်းကြောင်း သိရသည်။ အဆိုပါ လမ်းသည် ၇၃ လမ်းနှင့် ၇၈ လမ်းနှင့် တဆက်တည်းဖြစ်သည့် ၃၈ လမ်းဖြစ်ပြီး ဖြတ်သန်းဖောက်လုပ်ရာတွင် လိုအပ်မည့် နယ်မြေခံ တပ်ရင်းတစ်ခု၏ မြေဧရိယာ တစ်စိတ်တစ်ပိုင်းကို အသုံးပြုနိုင်ရန် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် တပ်မတော်၏ ခွင့်ပြုချက်ရရှိခဲ့ကြောင်း သိရသည်။


ထို့ပြင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် ၇၈ လမ်းနှင့် ၇၉ လမ်းကြားရှိ ၂၇ လမ်းကိုလည်း ဘူတာကြီးဝင်းကို ဖြတ်၍ တဆက်တည်း လမ်းဖောက်လုပ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ရထားတွဲများ ရှန်တိန်ပြုလုပ်ရန် လိုအပ်သည့်အတွက် လမ်းဖောက်လုပ်ခွင့် မရရှိခဲ့ကြောင်း သိရသည်။


သူရိန်လင်း