မိတ္ထီလာ ၂၇ မတ်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝါမျိုးကောင်းမျိုးသန့် ထုတ်လုပ်သည့် လုပ်ကွက်ငယ် အစုအဖွဲ့များ၊ အသင်းအဖွဲ့များ ပေါ်ပေါက်လာစေရန် ဂွမ်းမွှေးနှင့် ချည်အရည်အသွေးတိုင်းတာခြင်း နည်းပညာသင်တန်းကို မတ် ၂၆ ရက်နေ့ နံနက် ၉နာရီအချိန်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးတိုးဝေက အမှာစကား ပြောကြားပြီး မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးသိန်းက ဝါသီးနှံဖွံ့ဖြိုးတိုးတက်လာစေရန် အခြေခံကျသည့် ဝါမျိုးကောင်းမျိုးသန့် ထုတ်လုပ်သည့် လုပ်ကွက်ငယ် အစုအဖွဲ့များ၊ အသင်းအဖွဲ့များ ပေါ်ပေါက် လာစေရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် အရည်အသွေးကောင်း မျိုးသန့်ဝါသတ်မှတ်ခြင်းနှင့် လိုက်နာရန် လုပ်ငန်းများ၊ မျိုးသန့် ဝါဝယ်ယူခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်း၊ ဂွမ်းမွှေးနှင့် မျိုးဝါစေ့ အရည်အသွေး အကဲအဖြတ်ခြင်းဘာသာရပ်များကို ကျွမ်းကျင်ပညာရှင်များက သင်ကြားပေးသွားမည်ဖြစ်ရာ ၎င်းသင်တန်းကို မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်၊ ရမည်းသင်း ခရိုင်နှင့် ညောင်ဦးခရိုင်များမှ ဝန်ထမ်း(၇၅)ဦး၊ တောင်သူ(၃၅)ဦး၊ ဝါလုပ်ငန်းရှင်(၂၆)ဦး စုစုပေါင်း သင်တန်းသူ သင်တန်းသား(၁၃၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


