နေပြည်တော်  ၂၇ မတ်

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်၊ ကျောက်တန်းနှင့် သုံးခွမြို့နယ် စာရင်းစစ်ရုံးများမှ ဝန်ထမ်းများ နှင့်တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ပြည်သူလူထုနှင့် စစ်ဆေးရသည့် အဖွဲ့အစည်းများ၏ ယုံကြည်စိတ်ချမှုရရှိရန် လိုကြောင်း၊ ထိုသို့ ယုံကြည်မှုရရှိရန်အတွက် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်ရမည့်အပြင် အဂတိလိုက်စားမှုကင်းစင်ရေး သတိပြုဆောင်ရွက် ရန် လိုအပ်ကြောင်း၊ ယခုအခါတွင် Financial Audit နှင့် Compliance Audit သာမက Performance Audit ကိုဆောင်ရွက်လာရပြီး နောက်ပိုင်းတွင် Environmental Audit နှင့် IT Audit  တို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

 

ထို့ကြောင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ထုတ်ပြန်ထားသည့် လက်စွဲများ၊ ညွှန်ကြားချက်များနှင့် သင်တန်းဖွင့်လှစ်ပို့ချပေးမှုများကို စဉ်ဆက်မပြတ် လေ့လာသင်ယူမှတ်သားလိုက်နာ၍ လုံ့လဝီရိယစိုက်ထုတ်ကာ ပြည်သူ့ အကျိုးစီးပွားကို အလေးထား ကြိုးစားဆောင်ရွက်ပြီး စာရင်းစစ်များလိုက်နာရမည့် Confidentiality ကို အထူးဂရုပြုရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

(သတင်းစဉ်)