ကျောက်ပန်းတောင်း ၂၇ မတ်
(၇၄)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသည့်အနေဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်ကလပ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဝင်းနိုင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ ပုပ္ပားရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် ဂျူးလီယိုနှင့် တပ်ဖွဲ့ဝင်များ၊ တောင်ကလပ် ငြိမ်းချမ်းရေးပရဟိတ အမှိုက်ကောက်အဖွဲ့မှဥက္ကဋ္ဌ ဦးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ ပုပ္ပားမီးသတ်တပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များ စုပေါင်း၍ ပြုလုပ်ခြင်း ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုပ္ပားတောင်ကလပ် ရွှေဝန်းခြံ အနီးဝန်းကျင်၊ ရွှေဂူချောင် အနီးဝန်းကျင်နှင့် နဂါးဆောင်းတန်းရှိ ဈေးဆိုင်တန်းများတွင် စွန့်ပစ်အမှိုက်များ၊ ပလတ်စတစ်ဘူးခွံများကို လိုက်လံကောက်ယူ သိမ်းဆည်းခဲ့ကြပြီး စနစ်တကျ သွားရောက်စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


