ရန်ကုန် ၂၇ မတ်

 

(၇၄)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်) တွင် ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား အလေးပြုပြီး ကျဆုံးလေပြီးသော လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနှင့် ဒီမိုကရေစီ အရေးတော်ပုံတွင်ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်းအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရှစ်စက္ကန့် ငြိမ်သက်ကြသည်။

 

ယင်းနောက် သဘာပတိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက အမှာစကားပြောကြားရာတွင် “ဒီနေ့ကျင်းပတဲ့ အခမ်းအနားဟာ လွတ်လပ်ရေးဗိသုကာ၊ အမျိုးသားခေါင်းဆောင်ကြီး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား မျိုးနွယ်စုများ၊ တပ်မတော်သားများ သွေးစည်းညီညွှတ်စွာနဲ့ ဖက်ဆစ်ဝါဒီများကို အောင်မြင်စွာ ဆန့်ကျင်အောင်ပွဲဆင်ခဲ့တဲ့ (၇၄)နှစ်မြောက် သမိုင်းဝင် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီဖက်ဆစ်တော်လှန်ရေးကြီးကို ပြည်သူလူထု အားလုံး ဇွဲနဘဲရှိရှိ၊ သတ္တိရှိရှိနဲ့ အချိန်ကာလတိုအတွင်း အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ခြင်းကြောင့်လည်း တစ်မျိုးသားလုံးမွတ် သိပ်တောင့်တနေခဲ့ကြတဲ့ အမျိုးသားလွတ်လပ်ရေးကြီးကို ဂုဏ်ယူဝံ့ကြွားစွာ အရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်” ဟုပြောကြားသည်။

 

ဆက်လက်၍ ၎င်းက ``ဒီနေ့မှာ တော်လှန်ရေးနေ့ (၇၄)နှစ်တာကာလကို ရောက်လာခဲ့ပါပြီ။ တော်လှန်ရေးနေ့က ပေးလိုက်တဲ့ အမျိုးသားစည်းလုံးညီညွှတ်ရေး စိတ်ဓာတ်တွေ ဆက်လက်ရှင်သန်အောင် ကျွန်တော်တို့ ကြိုးစားကြရပါမယ်။ တိုင်းရင်းသား အချင်းချင်း ဥမကွဲသိုက်မပျက်၊ အေးအတူ ပူအမျှရုံးကန်ခဲ့ကြတဲ့ ဖြစ်စဉ်ကောင်းများ သို့မဟုတ် ပင်လုံစိတ်ဓာတ်ကို ဆက်လက် အဓွန့်ရှည်အောင် ကြိုးပမ်းကြရပါလိမ့်မယ်။

 

"ဒါ့ကြောင့် ကျွန်တော်တို့ဟာ နယ်ချဲ့ဆန့်ကျင်ရေး ဖက်စစ်တော်လှန်ရေးနဲ့အတူ အစဉ်အလာကြီးမားလာခဲ့တဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ဂုဏ်ယူကြသလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမှူးပြုတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံကို လည်းကောင်း၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုကိုလည်းကောင်း၊ တပ်မတော်ဟာ ပြည်သူနဲ့အတူ၊  တိုင်းရင်းသားများနဲ့ အတူတစ်စိတ်တည်း တစ်ဝမ်းတည်း စုပေါင်းအင်အားအဖြစ် လက်တွဲပါဝင် အောင်ပွဲဆင်နိုင်ပါစေကြောင်း ဆုတောင်းနှိုးဆော်လိုက်ရပါတယ်" ဟု ပြောကြားသည်။

 

ထို့နောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က အချက်ငါးချက်ပါရှိသည့်  (၇၄)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်ကို ဖတ်ကြားပြီး နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ အဖွဲ့အစည်းများမှ ပေးပို့လာသော သဝဏ်လွှာများကို မှတ်တမ်းတင်သည်။

 

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ``ဒီနေ့ဟာ ကျွန်တော်တို့ နိုင်ငံအတွက် ဖိနှိပ်ချုပ်ချယ်တဲ့ စနစ်တစ်ခုကို ပြည်သူတွေ၊ တိုင်းရင်းသားတွေ၊ လူတန်းစားပေါင်းစုံစုပေါင်းပြီးတော့ တွန်းလှန်ဖို့ စတင်ခဲ့တဲ့နေ့ဖြစ်တဲ့အတွက် အဲဒီသရုပ် အဓိပ္ပါယ်ကိုပေါ်လွင်ဖို့အတွက် ဖစ်ဆစ်တော်လှန်ရေးနေ့လို့ သတ်မှတ်ခြင်းဖြစ်ပါတယ်။ ဒီနေ့မှာလည်း ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲမှာဖြစ်နေတဲ့ အခက်အခဲတွေကိုပြည်သူ၊ တိုင်းရင်းသားပေါင်းစုံ၊ အလွှာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို ထပ်မံပြီး သတိပေးနှိုးဆော်ချင်တဲ့အတွက် တစ်မျိုးတစ်ဖုံတော့ အဓိပ္ပါယ်ထူးခြားပါတယ်´´ ဟု မီဒီယာများကို ပြောကြားသည်။

 

အဆိုပါ အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကျင်းပခြင်းဖြစ်ပြီး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အတွင်းရေးမှူး အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များ၊ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

သတင်းနှင့် ဓာတ်ပုံ- ဇော်ကြီး