၂၈  မတ်

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ဂျပန်နိုင်ငံ JICA ချေးငွေအထောက်အပံ့ဖြင့် တောင်သူတစ်ဦးချင်းနှင့် တောင်သူအစုအဖွဲ့များသို့ ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန် ထုတ်လုပ်သည့်စက်များ ဝယ်ယူရန်နှင့် စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင် တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့အတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ ( JICA Two Step Loan ) ချေးငွေများကို ၂၀၁၇ခုနှစ် ဇူလိုင်လမှစတင်၍ ထုတ်ချေးပေးလျှက် ရှိပါသည်။

 


ချေးငွေပမာဏမှာ တောင်သူတစ်ဦးချင်းအတွက် အများဆုံး ကျပ်သိန်း ၅၀၀၊ တောင်သူ အစုအဖွဲ့ (၁) ဖွဲ့အတွက် အများဆုံး ကျပ်သိန်း ၅၀၀၀ အထိ သတ်မှတ်ပြီး ချေးငွေများကို စိစစ် ထုတ်ချေးပေးလျှက် ရှိပါသည်။ ယင်းသို့ ထုတ်ချေးရာတွင် ၂၀၁၉ခုနှစ် မတ်လကုန်အထိ မြို့နယ် ၁၅၄ ခု မှ တောင်သူ ၂၀၅၁ ဦးအတွက် ချေးငွေပမာဏ ကျပ်သန်း ၈၀,၀၀၀ ကျော် ထုတ်ချေးထားပြီးဖြစ်ပါသည်။ 

 


ထုတ်ချေးထားသည့် ချေးငွေအရင်းအား ထုတ်ချေးသည့်နေ့မှ စတင်၍ ထော်လာဂျီ၊ လက်တွန်းထွန်စက် ချေးငွေအတွက် ၃ နှစ် ၃ ရစ်၊ အဆိုပါစက်များမှအပ ကျန်ချေးငွေများ အတွက် ၅ နှစ် ၅ ရစ် ပေးဆပ်ရမည် ဖြစ်ပါသည်။

 


ငွေချေးလိုသူသည် ချေးငွေ၏ ၃၀ % အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စုဆောင်းရမည်ဖြစ်ပြီး ၎င်း၏အမည်ပေါက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) မူရင်းအား ဘဏ်သို့ အာမခံအဖြစ် တင်သွင်းရမည်ဖြစ်ပါသည်။ ထို့အပြင် ငွေချေးယူလိုသူနှင့် ပူးတွဲ အာမခံသူ (၂)ဦး၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အာမခံအဖြစ် တင်သွင်းရမည် ဖြစ်ပါသည်။ 


ချေးငွေရယူလိုသော တောင်သူဦးကြီးများအနေဖြင့် မိမိတို့အမြဲတမ်းနေထိုင်ရာ မြို့နယ်ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲနှင့် ဆက်သွယ်၍ ချေးငွေများအား လျှောက်ထားရယူနိုင်ပါကြောင်း နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) ၏ လိပ်စာ၊ အမှတ် ၂၆/၄၂၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁ ၃၉၁၂၃၅ ၊ Fax - ၀၁ ၃၈၁၇၀၃သို့လည်း မေးမြန်းစုံစမ်းနိုင်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။

 


MDN