ကျောက်ကြီး ၂၈ မတ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသ၊ မီးတိုင်းတောကျေးရွာအုပ်စု၊ ကော့ပြင်းကျေးရွာ၌ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖွဲ့စည်းထားသော မသန်စွမ်းကြက်ခြေနီအဖွဲ့အား ယနေ့ နံနက် ၉ နာရီက ရှေ့ဦးပြုစုခြင်း (အခြေခံ) သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် မိုင်းဒဏ်သင့် မသန်စွမ်း (၄၃၂) ဦး ရှိပြီး သင်တန်းဖွင့်လှစ်ရာ မုန်းဒေသ၌ (၂၀ဝ) ဦးခန့်ရှိကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ သိရသည်။
အဆိုပါသင်တန်းအား မြေမြုပ်မိုင်းဒဏ်ကြောင့် ခြေအင်္ဂါ စွန့်လွှတ်လိုက်ရသော်လည်း တတ်နိုင်သည့်ဘက်မှ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ ကြက်ခြေနီအသင်း၏ ရှေးဦးပြုစုခြင်း အတတ်ပညာဖြင့် မသန်စွမ်းအချင်းချင်း အကြောင်းတစ်စုံတစ်ရာကြောင့် ထိခိုက်ဒဏ်ရာရသူများအား ကူညီနိုင်ရန်၊ မသန်သော်လည်း အများအတွက် စွမ်းဆောင်နိုင်ကြောင်း ပြသနိုင်ရန် ရည်ရွယ်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး မင်းမြတ်ဘုန်း ဦးဆောင်ဖွင့်လှစ်ခြင်းဖြစ်သည်။
လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မိမိတို့ဒေသအတွင်းရှိ မသန်စွမ်းများ စုစည်း၍ ကြက်ခြေနီအသင်းခွဲငယ်ပုံစံ ဖွဲ့စည်းကာ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အကူအညီတောင်းခံလာမှုအပေါ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်း တာဝန်ရှိသူများက မုန်းဒေသ မီးတိုင်းတောကျေးရွာအုပ်စု ကော့ပြင်ကျေးရွာရှိ မသန်စွမ်း (၂၀) ဦးအား မသန်စွမ်း အသင်းခွဲငယ် ဖွဲ့စည်းပေးခဲ့ကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် ကိုသားကြီးက ပြောသည်။
မသန်စွမ်းကြက်ခြေနီအဖွဲ့အား ရှေ့ဦးပြုစုခြင်း (အခြေခံ) သင်တန်းကို မတ်လ ၂၈ ရက်မှ ဧပြီ ၁ ရက်အထိ ကော့ပြင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ နည်းပြများဖြင့် နံနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ (၅) ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)


