ဗန်းမော် ၂၈ မတ်
ကျောင်းသားကျောင်းသူများအား မြန်မာစာရေးသားရာတွင် စာလုံးပေါင်းသတ်ပုံများကို မှန်မှန်ကန်ကန် ရေးသားတတ်ကြစေရန်နှင့် မြန်မာစာကို အလေးထားတတ်စေရန် ရည်ရွယ်၍ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြန်မာစာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းနှင့် ဝန်ထမ်းများက ကြီးကြပ်၍ ဒသမတန်း ကျောင်းသားကျောင်းသူ (၃၄) ဦးတို့က ပါဝင်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြကာ ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုလက်ဆောင်များ ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတ တိုးပွားစေရန် ဗန်းမော်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းက “စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် စနစ်တကျ အမှိုက်စွန့်ပစ်မှု” ခေါင်းစဉ်ကို ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သျှမ်းကလေး(ဗန်းမော်)


