ပွင့်ဖြူ ၂၈ မတ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အဆင်ပြေချောမွေ့စွာ ဖြေရှင်းဆောင်ရွက်သွားနိုင်ရန်နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု နည်းစနစ်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းဖွင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေး က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားရာ သင်တန်းသားများကိုယ်စား ကံဆွယ်ကျေးရွာမှ သင်တန်းသား ဦးဇော်မင်းနိုင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေးနှင့် သင်တန်းနည်းပြဆရာများက တက်ရောက်လာသည့် သင်တန်းသားများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြုစုစောင့်ရှောက်မှု နည်းစနစ်များ၊ အရေးပေါ်ကာကွယ်ကုသနည်းများ၊ တိရစ္ဆာန်နှင့် ပတ်သက်သော ကူးစက်ရောဂါ ကာကွယ်နည်းများနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနည်းစနစ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းဖွင်ပွဲသို့ ပွင့်ဖြူမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ မှ သင်တန်းသား ၂၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရပြီး၊ သင်တန်းအား မတ် ၂၈ ရက်နေ့မှ ၂၉ ရက်နေ့ အထိ နှစ်ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


