မြင်းမူ ၂၈ မတ်လ
စစ်ကိုင်းခရိုင်၊ မြောင်မြို့အခြေစိုက် ရွှေညာမြေ လူမှုဖွံ့ဖြိုးရေးအဖွဲ့သည် ဒိန်းမတ်နိုင်ငံနှင့် နော်ဝေနိုင်ငံတို့၏ ထောက်ပံ့လှူဒါန်းငွေများဖြင့် မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်အတွက် စီမံကိန်းလုပ်ငန်းများ မိတ်ဆက်ပွဲကို ယနေ့ နံနက်(၁၀)နာရီ က မြင်းမူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်သစ်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေညာမြေလူမှု ဖွံ့ဖြိုးရေးအဖွဲ့သည်၊ မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာ (၃၆) ရွာအား ၂၀၁၂ ခုနှစ်မှစ၍ ယခု ၂၀၁၉ ခုနှစ်အထိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်အတွက် မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာ (၂၀) ကိုရွေးချယ်ပြီး ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရိက္ခာဖူလုံရေးနှင့် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် ငွေကျပ် သိန်း(၄၅၀ဝ)ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းမန်နေဂျာ ဒေါ်သန်းဌေး ထံမှ သိရှိရသည်။
စီမံကိန်းလုပ်ငန်းများ မိတ်ဆက်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်း၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ဦးသောင်းမြင့်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်၊ DCA/NCA အဖွဲ့ အစီအစဉ်အရာရှိ ဦးအောင်ဆွေမြင့်၊ ရွှေညာမြေ လူမှုဖွံ့ဖြိုးရေးအဖွဲ့ စီမံကိန်းမန်နေဂျာ ဒေါ်သန်းဌေးနှင့် စီမံကိန်းဝင် ကျေးရွာများမှ ဒေသခံများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)


