မြစ်ကြီးနား ၂၈ မတ်  

 

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ ဥပဒေအရာ၌ မျှတမှုနှင့် တန်းတူညီမျှမှုအခွင့် အရေးရရှိစေရန်အတွက် ကချင်ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးကို ယနေ့နံနက်ပိုင်း တွင် မြစ်ကြီးနားမြို့ ပြည်သူ့ဝန်ဆောင်မှုစုပေါင်းရုံး ပထမထပ်၊ ရုံးခန်းအမှတ် ၂၀၄ တွင် ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါအဖွဲ့ရုံးသစ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်တို့က ဖွင့်လှစ်ပေးကြပြီး ရုံးခန်းသစ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 

1

 

ရုံးဖွင့်ပွဲအခမ်းအနားကို အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အနေဖြင့် မိမိတို့တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုခု၏ ပယောဂမျိုးမပါဘဲ ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်ကြရန်နှင့် အဂတိကင်းစွာဖြင့် နစ်နာသူ ပြည်သူများ၏ ဥပဒေပါအခွင့်အရေးများကို ကုစားပေးကြဖို့ တိုက်တွန်းလိုကြောင်း ပြည်နယ်ဝန်ကြီးချုပ် က မှာကြားသည်။

 

ယင်းနောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာက ကချင်ပြည်နယ်အတွင်း ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဖွဲ့စည်းမှုနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူးက အဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဝင်း၏ သဝဏ်လွှာကို ဖတ်ကြားပြီးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းပြောကြားကြကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

 

2

 

အဆိုပါ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ရုံးများကို ကချင်ပြည်နယ်အတွင်း ယနေ့ ဖွင့်လှစ်လိုက်သည့် ပြည်နယ်ရုံးအပါအဝင် မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူနှင့် ပူတာအိုစသည့် မြို့နယ်ရုံး (၁၁) ရုံးကို ဖွင့်လှစ်ထားရှိခဲ့ပြီး ပြစ်မှုတစ်ခုခုနှင့်စွပ်စွဲခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း၊ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းနှင့် အကျဉ်းချ ခြင်းခံရသည့် ဆင်းရဲနွမ်းပါးသူများ၊ ကလေးငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီး ရွယ်အိုများ၊ ရွှေ့ပြောင်းလုပ်သားများအတွက် အခမဲ့ရှေ့နေငှားရမ်းပေးခြင်း၊ ဥပဒေဆိုင်ရာ အသိပညာနှင့် အကြံပေးခြင်း၊ အကူအညီပေးခြင်းနှင့် သတင်းအချက်အလက်ပေးခြင်းတို့ကို ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ပြည်နယ်ပြန်/ဆက်

 

3