နေပြည်တော် ၂၈  မတ်

ဆည်မြောင်းကဏ္ဍ ပူးတွဲဆောင်ရွက်မှုဆိုင်ရာ စီမံခန့်ခွဲမှု “Joint Irrigation Management” ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မြန်မာနိုင်ငံ၏ ဆန် စပါးစိုက်ပျိုးမှုသာမက အခြားသော သီးနှံများကိုပါ ဘက်စုံစိုက်ပျိုးထုတ်လုပ်နိုင်သည့် စိုက်ပျိုးရေးစနစ်သို့ ဦးတည်ဆောင်ရွက်ရာ၌ သီးနှံများ ဖြစ်ထွန်းအောင်မြင်ရန် ဆည်ရေသောက်စနစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် စိုက်ပျိုးရေ ပိုမိုဖြန့်ဝေဆောင်ရွက်ပေးနိုင်ရေးသည် အထူး အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ ရေပေးမြောင်းကွန်ရက် တိုးချဲ့နိုင်ရေးအတွက် အဓိကကျသည့် တောင်သူများက တက်ကြွစွာ ပူးပေါင်းပါဝင်ကြရန် လိုအပ်သကဲ့သို့ သတ်မှတ်ထားသော ဆည်ရေအသုံးချမှုဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြခြင်းဖြင့် ဆည်ရေသောက်စနစ်များ ပိုမိုဖွံ့ဖြိုးလာရေးကို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ သက်ဆိုင်ရာ ပညာရှင်များက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကို ရေးဆွဲခဲ့ပြီး ဆည်မြောင်းစနစ်များနှင့် လယ်ယာသုံး ရေစီမံခန့် ခွဲမှုတိုးတက်ရေး၊ ဆည်မြောင်းလုပ်ငန်းများ အကျိုးရှိထိရောက်ရေး၊ အခြေခံအဆောက်အဦများ ပြန်လည်ပြုပြင်ထူထောင်ရေးနှင့် အဆင့်မြှင့်တင်ရေး၊ ရေကြီးရေလျှံမှု ထိန်းချုပ်ရေး၊ ရေငန်တားလုပ်ငန်းများနှင့် ဆည်တမံများ ကြံ့ခိုင်မှုရှိရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းဒေသရှိ တောင်နဝင်း၊ မြောက်နဝင်း၊ ဝဲကြီးနှင့် တောင်ညိုရေလှောင်တမံများ၏ ဆည်ရေသောက်စနစ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ သဖန်းဆိပ်ရေလှောင်တမံ ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ယနေ့ဆွေးနွေးပွဲ ရလဒ်များအပေါ် အခြေခံပြီး ဆည်ရေသောက်စနစ် အခြေခံ အဆောက်အဦအအုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း၊ စိုက်ပျိုးရေမျှဝေသုံးစွဲခြင်းလုပ်ငန်း၊ လက်ရှိဆည်မြောင်းစနစ်များဖြင့် ဆည်ရေသောက်လယ်မြေများ၊ ရေပေးမြောင်းကွန်ယက် တိုးချဲ့ရေးလုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ၊ ဖွံဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် စီမံကိန်းဒေသများမှ ရေသောက်မြောင်း စီမံခန့်ခွဲမှုတောင်သူအစုအဖွဲ့(wateruser)များ အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

 

mdn