နေပြည်တော် ၂၈ မတ်
ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် (Bay of Bengal Initiative for Multi-Sector Technical and Economic Cooperation, BIMSTEC) အရ စွမ်းအင်ကဏ္ဍဆိုင်ရာ ကျွမ်းကျင်ပညာရှင် အစည်းအဝေး (Expert Group Meeting on Energy) ကို ႀယနေ့တွင် နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ BIMSTEC အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ BIMSTEC အဖွဲ့ဝင်နိုင်ငံများဖြစ်သော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မြန်မာနိုင်ငံသည် BIMSTEC အစီအစဉ်အရ စွမ်းအင်ကဏ္ဍ၏ ဦးဆောင်အဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒေသတွင်း ပြည်သူများ၏ လူမှုအကျိုးစီးပွားအခြေအနေသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သာမက၊ သဘာဝသယံဇာတ အရင်းအမြစ်များအား မှန်ကန်စွာစီမံခန့်ခွဲမှုအပေါ် တည်မှီပါကြောင်း၊ စွမ်းအင်ဖူလုံပြည့်ဝရေးသည် မိမိတို့ အားလုံးအတွက် ဦးစားပေးလုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အကန့်အသတ်ပမာဏသာရှိသော စွမ်းအင်သယံဇာတများအား သန့်ရှင်းသော စွမ်းအင်သုံးစွဲမှုဆိုင်ရာ မူဝါဒများ ချမှတ်သုံးစွဲခြင်းဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုများကို ကုစားရန်ဖြစ်ကြောင်း၊ အားလုံးနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ BIMSTEC အဖွဲ့ဝင်နိုင်ငံများအကြား ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနှင့် ပိုမို ထိရောက် အကျိုးဖြစ်ထွန်းမည့် စွမ်းအင်ကဏ္ဍတို့အတွက် ယေဘူယျ စီမံကိန်းများချမှတ်၍ ပူးပေါင်းဆောင်ရွက်မှုများ အဆင့်အလိုက် မြှင့်တင်သွားရန် လိုအပ်ပါကြောင်း။
ဒေသတွင်းအရင်းအမြစ်များနှင့် ဘူမိပထဝီဝင်ဆိုင်ရာ အခွင့်အလမ်းများအပေါ် အဖွဲ့ဝင်နိုင်ငံများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ စွမ်းအင်ဖူလုံရေးတိုးမြှင့်ရန်၊ ဆက်သွယ်မှု ပိုမိုမြှင့်တင်၍ တစ်စုတစ်စည်းတည်း ဖြစ်စေရန်၊ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် သဘာဝစွမ်းအားကို ထိန်းချုပ်အသုံးချမှုအားမျှဝေခြင်းနှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးအတွက် အရှိန်အဟုန် မြှင့်တင်ရန်တို့ကို ရည်ရွယ်ပါကြောင်း။
ယနေ့ကျင်းပသော ကျွမ်းကျင်ပညာရှင်များအဖွဲ့အစည်းအဝေး (Expert Group Meeting) သည် ပထမခြေလှမ်းဖြစ်ပြီး ဆက်လက်ဆောင်ရွက်ရမည့် အဖွဲ့ဝင်နိုင်ငံများအကြား စွမ်းအင်ကုန်သွယ်မှု ကဏ္ဍတိုးချဲ့ချဲ့ထွင်ရေး ရည်မှန်းချက်များအား အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံအစိုးရသည်ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ဟန်ချက်ညီသော ဖွံ့ဖြိုးမှုဆိုင်ရာ ရည်မှန်းချက် မူဘောင် (United Nations Framework on Sustainable Development Goals) နှင့်အညီ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု အစီအမံ ၂၀၁၈-၂၀၃၀ (Myanmar Sustainable Development Plan 2018-2030) အတွက် မဟာဗျုဟာနှင့် လုပ်ငန်းစဉ်များချမှတ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ နှစ်ရက်တာကျင်းပမည့် အစည်းအဝေးတို့မှ အဖွဲ့ဝင်နိုင်ငံများအကြား ခိုင်မာသော အောင်မြင်မှုများ ဖော်ဆောင်ပေးနိုင်မည်ဟု အလေးအနက်ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ BIMSTEC ၏ အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး ဦးဟန်သိန်းကျော်မှ ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ “Interconnection for Regional/ Aspect” ၊ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းတိုးတက်မှုနှင့် ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမည့် နည်းလမ်းများ ဖော်ထုတ်ရေးကို လည်းကောင်း၊ လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ဝင်နိုင်ငံများအကြား လျှပ်စစ်ဓာတ်အားလိုင်းများ ဆက်သွယ် တည်ဆောက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအရ လုပ်ငန်းစဉ်များချမှတ်မှုအပေါ် ညှိနှိုင်းခြင်း၊ Master Plan နှင့် လေ့လာသုံးသပ်မှု စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို မတ် ၂၉ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


