မန္တလေး ၂၉ မတ်
မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းရန်နှင့် သနပ်ခါးကို မြတ်နိုးတန်ဖိုးထား တက်စေရန်အတွက် သနပ်ခါးဈေးပွဲတော်နှင့် သနပ်ခါးလှပျိုမေ ပြိုင်ပွဲကို မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားတွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည်။
သနပ်ခါးဈေးပွဲတော်နှင့် သနပ်ခါးလှပျိုမေပြိုင်ပွဲကို မတ်လ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁၀ဝ ကျော် ပါဝင်ကြောင်း သိရသည်။
"မြန်မာ့သနပ်ခါးကို အားလုံးက သုံးစွဲတဲ့အပြင် နိုင်ငံတကာကို ထိုးဖောက်ဖို့ ရည်ရွယ်ထားပါတယ်'' ဟု မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း CEO အဖွဲ့ဝင် ဦးသန်းမြင့်ကပြောသည်။
သနပ်ခါးလှပျိုမေ ပြိုင်ပွဲအတွက် စာရင်းပေးထားသူ ၃၀ ကျော်ရှိပြီး ရေစကြို၊ မြိုင်၊ အရာတော်၊ မန္တလေး စသည့်မြို့များမှ ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် ပထမဆု သုံးသိန်း၊ ဒုတိယဆု ၂ သိန်း၊ တတိယဆု ၁ သိန်းနှင့် နှစ်သိမ့်ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သနပ်ခါးဈေးပွဲတော်တွင် ၇ နှစ်မှ ၁၂ နှစ်အထိ သက်တမ်းရှိသည့် သနပ်ခါးများကို ပြသရောင်းချကြောင်း သိရသည်။
အိမို့မို့ခိုင်


