အောင်လံ ၂၉ မတ်
အောင်လံမြို့နယ်အတွင်းရှိ နွေစပါးနှင့် မိုးစပါးစိုက်ခင်းများအတွက် ပဒဲရေလှောင်တမံမှ စိုက်ပျိုးရေများ ပေးဝေလျက်ရှိပြီး နှစ်စဉ် ပျမ်းမျှ နွေစပါးဧက ၁၅၀ဝ ခန့်နှင့် မိုးစပါးဧက ၄၈၆၂ အထိ စိုက်ပျိုးရေများ ပေးဝေနိုင်ကြောင်း တည်ဆောက်ရေး(၃)၊ ဆည် မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ထို့သို့ စိုက်ပျိုးရေးများ ပေးဝေရာတွင် တူးမြောင်းမကြီး၊ လက်တံမြောင်း(၇)ခု၊ လက်တံခွဲမြောင်း(၁၈)ခု တို့မှတစ်ဆင့် ပေးဝေနေခြင်းဖြစ်ပြီး တည်ဆောက်ပြီးစီးသည့် နှစ်မှစ၍ မိုးရွာသွန်းမှု အခြေအနေနှင့် ရေဝင်ရောက်မှုများအရ ကန်ရေပြည့်သည်အထိ ရေသိုလှောင်နိုင်ခဲ့ကာ လုံလောက်စွာ ရေပေးဝေနိုင်ခဲ့ကြောင်း သိရသည်။
“အပြည့်အဝ စိုက်ပျိုးရေပေးဝေဖို့ ရေသိုလှောင်ထားတာက ဧက ၄၈၆၂ ဧကစာပါ၊ တမံက ရေပေးနိုင်ပေမယ့် တောင်သူတွေရဲ့ စိုက်ဧကနဲ့ ရေလိုအပ်ချက်အပေါ် မူတည်ပြီး ရေပေးဝေနေတာမျိုးတော့ ရှိပါတယ်။ ၂၀၁၈ ခုနှစ်က တောင်သူတွေ လိုအပ်တာက မိုးစပါး ၂၀၃၉ ဧကနဲ့ နွေစပါး ၇၈၆ ဧက အတွက်ပဲဖြစ်လို့ အဲဒီ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ အခုနှစ်မှာလည်း မိုးစပါး ၁၁၃၈ ဧကအတွက် စိုက်ပျိုးရေပေးနိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်မှစပြီး နွေစပါး ၉၅၅ ဧကကို ရေပေးဝေနေပါတယ်” ဟု တည်ဆောက်ရေး(၃)မှ ဦးစီးအရာရှိ(မြို့ပြ) ဦးရဲမင်းထက်က ပြောသည်။
အောင်လံမြို့နယ်အတွင်းရှိ လယ်မြေဧရိယာ ၄၈၆၂ ဧကကို ဆည်ရေပေးဝေစိုက်ပျိုးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပဒဲရေလှောင်တမံကို ၂၀ဝ၂ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ကာ ၂၀ဝ၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် မြောင်းမကြီးနှင့် လက်တံမြောင်း၊ လက်ခွဲမြောင်းများကို တည်ဆောက်ပြီးစီး၍ စိုက်ပျိုးရေးများ ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။
ထက်သူရ(တောင်တွင်း)


