ပွင့်ဖြူ ၂၉ မတ်
ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်း ကျေးရွာအုပ်စု အတွင်းရှိ ယိုယွင်းပျက်စီးနေသည့် အိမ်ထောင်စု ၁၅၀ အတွက် အိမ်ဆောက်ပစ္စည်းများ ကွင်းဆင်းထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စုတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိသည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် မကွေးတိုင်းဒေသကြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းနှင့် တာဝန်ရှိသူများက ရွာသစ်ကုန်း ကျေးရွာအုပ်စု အတွင်းရှိ ယိုယွင်းပျက်စီးနေသည့် အိမ်ထောင်စု ၁၅၀ စုအတွက် အိမ်ထောင်စုတစ်စုလျှင် အိမ်ဆောက်ပစ္စည်း ဝါးထရံ တစ်ချပ်၊ ဝါး နှစ်လုံး၊ သွပ်နန်းကြိုး တစ်ခွေတို့ကို ထောက်ပံ့ပေးခဲ့ပြီး ပျက်စီးနေသော လူနေအိမ်များကို ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ မြို့နယ်က နှစ်စဉ် လေဘေးအန္တရာယ် ကျရောက်နေတာဖြစ်လို့ ကျေးရွာတွေမှာ လေဘေးကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ခုလို ကျွန်မတို့ကျေးရွာကို လာရောက်ပြီး ကျေးရွာနေပြည်သူတွေ လေဘေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးသည့်အပြင် ပျက်စီးချို့ယွင်းနေသည့် လူနေအိမ်များကို ပြုပြင်ဆောင်ရွက်ပေးလို့ လေဘေးအန္တရာယ် ကျရောက်ပါကလည်း ထိခိုက်ဆုံးရှုံးမှု လျော့နည်းသွားစေနိုင်မှာ ဖြစ်ပါတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦး က ပြောသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး စီမံချက်ဖြင့် မကွေးတိုင်းဒေသကြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်း ကျေးရွာအုပ်စုရှိ ယိုယွင်းပျက်စီးနေသည့် အိမ်ထောင်စု ၁၅၀ အတွက် တန်ဖိုးငွေကျပ် ၂၂၅၀ဝ၀ဝ ထောက်ပံပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


