နေပြည်တော် ၂၉ မတ်
၂၀၁၈ခုနှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးဒဏ် ခံစားခဲ့ရသော ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ရေဘေးသင့် ပြည်သူများအတွက် ဆောင်ရွက်ပေးခဲ့သည့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများနှင့် ကနဦး ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲအား ယနေ့တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ တာဝန်ရှိသူများ၊ World Vision, UNICEf, Myanmar Heart Development Organization တို့မှ ရေဘေးတုံ့ပြန်မှုလုပ်ငန်းများတွင် ပါဝင်ခဲ့သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ၂၀၁၈ ရေဘေးတွင် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ရှိ ရေဘေးသင့်အိမ်ထောင်စု ၄၉၀ဝ၀ ကျော်၊ လူဦးရေ ၃၅၀ဝ၀ဝ ကျော်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာနမှ ကျပ်သိန်းပေါင်းရှစ်ထောင်ကျော်ထောက်ပံ့ပေးခဲ့သည့်အပြင် WFP နှင့် ပူးပေါင်း၍ အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းနှင့် ကနဦးပြန်လည် ထူထောင်ရေး လုပ်ငန်းများအဖြစ် အရေးပေါ်အစားအစာ စွမ်းအားပြည့် ဘီစကစ် (၃၅) မတ်ထရစ်တန်၊ ပြန်လည် ထူထောင်ရေးနှင့်သန့်ရှင်းရေးသုံးပစ္စည်းများအတွက် ငွေသားထောက်ပံ့မှုအနေဖြင့် ကျပ်သိန်းပေါင်း ခြောက်ထောင်ကျော်ကို ထောက်ပံ့ပေးခဲ့သည်။
အဆိုပါရေဘေး တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ရှိ အစိုးရဌာနများဖြစ်သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့အပြင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ရေဘေးသင့် ပြည်သူများအတွက် လုပ်ငန်းစဉ်အစမှ အဆုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါ ပူးပေါင်းဆောင်ရွက်မှု၏ အားသာချက်/ အားနည်းချက်များကို ဖော်ထုတ်ကာ နောင်နှစ်များတွင် ရေဘေးဖြစ်ပွားပါက ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ယခုကဲ့သို့ပင် ဆက်နွယ်ပတ်သက်သည့် အဖွဲ့အစည်းအားလုံး အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများတွင် ပေါင်းစည်းညီညာစွာ ဆောင်ရွက်နိုင်ရေး ကျင့်သုံးလုပ်ဆောင်သင့်သည်များအား ဖော်ထုတ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


