နေပြည်တော် ၂၉ မတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် World Bank Head of Office for Myanmar မှ Mr. GevorgSargsyan နှင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E. Mr. Ronen Gilor တို့နှင့် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံးမေခလာခန်းမ၌ သီးခြားစီတွေ့ဆုံ သည်။
World Bank နှင့်တွေ့ဆုံစဉ် ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ မှု အစီအစဉ်ကို ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်၏ IDA Fund ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၀ဝ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ လူမှုရေးရာ ဆန်းစစ်ချက်ဆောင်ရွက်ခဲ့မှု၊ ဆန်းစစ်ချက် ရလဒ်အပေါ် ပြည်သူလူထုနှင့် ဒေသဆိုင်ရာ လွှတ်တော်အမတ်များနှင့် ဆွေးနွေးခဲ့မှု၊ ဒုတိယသမ္မတ ဦးဆောင်သော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အလေးထားဆောင်ရွက်နေမှု၊ ကမ္ဘာ့ဘဏ်က ပူးပေါင်းဆောင်ရွက်မှုများ နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ-အစ္စရေး နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်နေမှု၊ IDP စခန်းများ ပိတ်သိမ်းရန်အတွက် အမျိုးသား မူဝါဒ ရေးဆွဲနေမှု၊ သဘာဝဘေးအန္တရာယ်များ အပါအဝင် အရေးပေါ်အခြေအနေများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာတော်သင်စေလွှတ်ရေး၊ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ပေးရေးတို့ကို ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် CAE ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကင်းထောက်မောင်မယ်များမှ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းငွေကျပ် (၁၀) သိန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
(သတင်းစဉ်)


