အယ်လ်စိုင်း(ရှမ်းအညာမြေ)

 

ကချင်ပြည်နယ် ဗလမင်းထင်(ဧရာဝတီမြစ်ကူးတံတားကြီး)မုန်းခိုးတောင် စေတီ၏ အလှတို့က သာယာလှပ ငေးမောချင်စရာ မြင်တွေ့ရသည်။

 

ဗလမင်းထင်မြစ်ကူးတံတားကိုကျော်၍ မြစ်ကြီးနားမြို့ ဧရာဝတီမြစ် တစ်ဖက်ကမ်း ၁၂မိုင်ခရီးနှင်သော် ဝိုင်းမော်မြို့သို့ ရောက်ရှိပေသည်။ နာရီ ဝက်ခန့် ဆက်လက်ခရီးဆက်သော် မြစ်ကြီးနား-ဝိုင်းမော်သွား ကားလမ်း နံဘေး လမ်း၏ဝဲဘက်၌ ''ခတ်ချိုကျေးရွာမှ လှိုက်လှဲစွာ ကြိုဆိုပါ၏'' ရွာအဝင်ဆိုင်းဘုတ်လေးက ဦးစွာနှုတ်ခွန်းဆက်သလိုက်ပေသည်။

 

မြန်မာနိုင်ငံ၏ မြောက်ဘက်ပိုင်းကုန်းမြင့်ဒေသ၊ ကချင်ပြည်နယ်အတွင်း ရှေးနှစ်ပေါင်းများစွာက မှီတင်းနေထိုင်လာခဲ့ကြသော ရှမ်းတိုင်းရင်းသားလူမျိုးစု ငါးစုအနက် တိုင်းလိုင်(ခေါ်)တိုင်းလျမ်(ခ)ရှမ်းနီလူမျိုးစုတို့သည် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ၌ အများအပြားနေထိုင် လျက်ရှိကြသည်။

 

ထိုနည်းတူ ကချင်ပြည်နယ် မိုးညှင်းဒေသ၊ အင်းတော်ကြီးဒေသ၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း ပျံ့နှံ့နေထိုင်လျက်ရှိကြကြောင်း တိုင်းလိုင်လူမျိုးစု သမိုင်းကြောင်းအရ လေ့လာသိရှိရသည်။

 

သို့ဖြစ်ပါ၍ စာရေးသူသည် တိုင်းလိုင်ရှမ်းတိုင်းရင်းသား လူမျိုးများ အများစုနေထိုင်ရာ ကချင်ပြည်နယ် ဝိုင်းမော် မြို့နယ် ခတ်ချိုကျေးရွာသို့ အလည်တစ်ခေါက်သွားရောက် ကာ ရှေ့မီနောက်မီ ခတ်ချိုဇာတိဖြစ်သူ အသက် ၈၂ နှစ်ရှိ အဘွားရာအိုင်မော်နှင့် အသက် ၈ဝရှိ အဘွားဒေါ်သန်းရင် (တိုင်းလိုင်အခေါ်ရာသန်းရင်)ညီအစ်မနှစ်ဦးအား တွေ့ဆုံခွင့် ရရှိခဲ့သည်။

 

စာရေးသူက ''တိုင်းလိုင်လူမျိုးတို့ရဲ့ အမျိုးသား အမျိုးသမီး ရှေးရိုးရာဝတ်စုံလေးမရှိဘူးလားအဘွား''ဟု မေးမြန်းကြည့်ခဲ့ပါသည်။

 

တိုင်းလိုင်တို့၏ ရိုးရာရှေးဝတ်စုံ

 

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာမှ အသက် ၈ဝ ကျော် ရှေ့မီနောက်မီရှိသူ အဘွားရာအိုင်မော် က''တိုင်းလိုင်ရိုးရာရှေးဝတ်စုံစစ်စစ်က အမျိုးသားပုဆိုး တစ်ထည်နဲ့ အမျိုးသမီးလုံချည်တစ်ထည်ပဲ အဘွားဆီမှာ ကျန်တော့တယ်ကွဲ့။ နှစ်ပေါင်းတစ်ရာကျော်ကြာခဲ့ပြီ ဆို တော့ အခုခေတ်မှာ ဒါမျိုးဝတ်စုံကို မြင်ရခဲပြီပေါ့ကွယ်''ဟု ပြောပြောဆိုဆိုနှင့် ရှေးတိုင်းလိုင်ပုဆိုး၊ နှစ်နံစပ် တိုင်းလိုင်ရှေးထဘီတစ်ထည်တို့အား ယူလာပြသပေးခဲ့ သည်။ တိုင်းလိုင်ရှေးရိုးရာအစစ် ဂျပ်ခုတ်အထည်များဖြစ် ပေသည်။ ''အမျိုးသားရော အမျိုးသမီးပါ ရိုးရာရင်ဖုံး အင်္ကျီဖြူတွေကို ဝတ်ဆင်ခဲ့ကြတယ်။ ဆေတိုက်ပုံလို့ ရှမ်းလိုခေါ်တယ်။ မြန်မာလိုဆိုတော့ ရင်ဖုံးတိုက်ပုံပေါ့ ကွယ်''ဟု အဘွားက ဆက်လက်ပြောပြခဲ့ပါသည်။

 

ရှမ်းဘာသာစကားအားဖြင့် ဆေတိဂ့်ပုမ်ဟု ခေါ်ဆို သည်။ ဆေ=အင်္ကျီ၊ တိုက်=အထိဖုံးထားသည်၊ ပုမ် =ဗိုက် ဗိုက်ကိုသိုင်း၍ ဝတ်ဆင်ရသောအင်္ကျီဟု အဓိပ္ပာယ်ရ ကြောင်း သိရသည်။

 

အမျိုးသားများက ရိုးရိုးဂျပ်ခုတ်ပုဆိုး၊ အမျိုးသမီး များက နှစ်နံစပ်ဂျပ်ခုတ်ထဘီများကို ရှေးနှစ်ပေါင်း ၁ဝဝ ကျော်က တိုင်းလိုင်ရှမ်းရိုးရာဝတ်စုံများကို ¤င်းတို့ကိုယ်တိုင် ရက်လုပ်ဝတ်ဆင်ခဲ့ကြပါကြောင်း လေ့လာသိရှိခဲ့ရသည်။ မျက်မှောက်ခေတ်သို့ ရောက်ရှိချိန်တွင်(ခေတ်ပေါ် )နှစ်တစ်ရာချည်ရက်ကန်းပုဆိုး၊ ထဘီများကိုသာ ချုပ်လုပ် ဝတ်ဆင်လာခဲ့ကြပါကြောင်း မှတ်သားခဲ့ရပါသည်။

 

တိုင်းလိုင်တို့၏ စကားလေယူလေသိမ်းနှင့် ကိန်းဂဏန်းရေတွက်ပုံ

 

စာရေးသူနေထိုင်ရာ တောင်ပိုင်းရှမ်းတို့က(န)အသံ ထွက်သည်ကို တိုင်းလိုင်တို့က(လ)လေသံဖြင့် ပြောဆို ကြကြောင်း။ ဗဟုသုတအလို့ငှာ ဥပမာအားဖြင့် တိုင်းလိုင် တို့၏ ကိန်းဂဏန်းနှင့် သက်ကြီးရွယ်အိုအလိုက် ခေါ်ဝေါ်ပုံ အချို့ကို တင်ပြလိုပါသည်။ လရယ်=တစ်(၁)၊ လအီ=နှစ် (၂)၊ လအမ်း=သုံး(၃)၊ လအိုင်=လေး(၄)၊ လအို့=ငါး(၅)၊ လအုတ်=ခြောက်(၆)၊ လအစ် =ခုနစ်(၇)၊ လအက်=ရှစ်(၈)အထိသာ ရှိကြောင်း၊ ဆက်လက်၍ သက်ကြီးရွယ်အိုတို့အား ပူ=အဘိုး၊ ပူထောက်=အဘိုး၏အဖေ၊ ပူလင်း=အဘိုး၏အမေ၊ အရာ=အဘွား၊ ရာလင်း=အဘွား၏အဖေ၊ ရာလွမ်း= အဘွား၏ အမေဟူ၍ ခေါ်ဝေါ်ကြောင်း လေ့လာသိရှိခဲ့ရ သည်။

 

တိုင်းလိုင်တို့၏ မှတ်သားစရာ ရှေးဆေးကုထုံးဂါထာ

 

အကြောင်းတစ်စုံတစ်ရာကြောင့် အနာတရဖြစ်ပေါ် တတ်သော် တိုင်းလိုင်လူမျိုးတို့၏ ရှေးဆေးကုထုံးဂါထာဖြင့် မန်းမှုတ်ကုသခြင်းအား ပြုလုပ်လေ့ရှိခဲ့ကြသည်ဟု ဆိုသည်။

 

၎င်းရှေးရိုးရာဆေးကုဂါထာသည် အကြောမျက်၊ အကြောထုံး၊ အကြောတင် ဖြစ်ပေါ်လေ့ရှိသည့်အခါ ''မအုံတရုန်း ရုတ်မွင်းကောဝ်တရ ယာမောဝ်းကောဝ် တနန်း ဟဟိုင်လမွတ်အောဝ် ဟိုင်း လမ့်လိုင်းကောဝ် တောဝ် ဟောဝ်ဟိုင် တခါယော''ဟု လူကြီးသူမများက ¤င်းဂါထာအတိုင်း ရွတ်ဆိုကာ အနာအား မန်းမှုတ်ပေး လိုက်သော် အနာသက်သာပျောက်ကင်းသွားစေပါသည် ဟု အဘွားရာအိုင်မော်က တိုင်းလိုင်တို့၏ဆေးကုဂါထာ အား ကိုယ်တိုင်ရွတ်ဆိုပြခဲ့သည်ကို ဗဟုသုတအဖြစ် မှတ်သားရသည်။

 

တိုင်းလိုင်တို့၏ တစ်ဆယ့်နှစ်လရာသီအခေါ်အဝေါ်

 

ပါတုံလမ့်=ရေနှင့်ငါးရာသီ၊ ပါလောင်းဟိုင်း=ငါးပေါ များသည့် ရာသီ၊ မတ်ခမ်ဆူတ်လူးတွန်=ဆီးဖြူသီး မှည့်ချိန် ရာသီ၊ လန်းအီခင်ချီတောလိုင်း= ရက်ကန်းရက်ရာသီ၊ မွင့်ရာကီလေးဖာ =ပန်းပွင့်များထရံတွင် ထိုးထားကြသည့် ရာသီ၊ ပါဥအုတ်=ငါးမိတ်လိုက်သည့်ရာသီ၊ ပါတွမ်မိတ့်= ငါးမျှားသည့်ရာသီ၊ ပါတတ့်လန်=ငါးနေလှန်းချိန်ရာသီ၊ ပါမိုင်ခိင်လေဟေး=ငါးများလှေတက်အချိန်ရာသီ တစ်နည်း အားဖြင့် ငါးပေါသည့်ရာသီ၊ ယာထောက်ယိပ်ပါခေါဝ်းစော လော်ဆွမ်ကျိင်=ငါးခုံးမဦးခေါင်းအား ညှစ်ပစ်ကာမျှစ်ချဉ် ဖြင့် ရောနှောဟင်းချက်စားရသည့် အချိန်ရာသီ၊ အောဝ်ပါ ဟိုင် ကွာခိင်ကွောင်းကွာဆုံဆွမ်း= ငါးဟင်း၊ ထမင်းတို့ဖြင့် ဆွမ်းပို့ချိန်ရာသီ၊ ခိင်ကွောင်း ကွာလှူကျောင်း=ကောက်ဦး ဆွမ်းကပ်လှူရသည့် အချိန်ရာသီဟူ၍ ရှေးအခါ၌ တိုင်းလိုင်တို့က တစ်ဆယ့်နှစ်လရာသီကာလအား ကဗျာ အလင်္ကာဖွဲ့ဆိုကာ သမုတ်ခဲ့ကြပါကြောင်း မြန်မာနိုင်ငံ မြောက်ဘက်ခြမ်းဒေသ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာရှိ တိုင်းလိုင်(ရှမ်းနီ)တိုင်းရင်းသားလူမျိုးစု များထံ စာရေးသူသွားရောက်တွေ့ဆုံမေးမြန်းခဲ့ရသည်မှ တိုင်းလိုင်တို့၏ ရှေးရိုးရာဓလေ့ထုံးတမ်းစဉ်လာ အချို့ အကြောင်း သိကောင်းစရာများအား တစေ့တစောင်း လေ့လာရေးသားဖော်ပြလိုက်ရပါသည်။ ။

 

1.2