မကွေး ၃၀ မတ်
မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ဈေးကော်မတီများ ပူးပေါင်း၍ မတ်လ ၂၉ ရက် နံနက် ၈ နာရီမှ စတင်ကာ မကွေးမြို့ပေါ်ရှိ ဈေးကြီး(၄)ခုတွင် စားသောက်ကုန်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Mobile Lab Van ချက်ခြင်း အဖြေရှာစနစ် ဆောင်ရွက်သည့် ရွေ့လျားဓာတ်ခွဲမော်တော်ယာဉ်ဖြင့် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) နေပြည်တော်ရုံးချုပ်မှ တိုင်းနှင့် ပြည်နယ်များသို့ ထောက်ပံ့ပေးထားသည့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်ကို အသုံးပြုပြီး မကွေးမြို့ပေါ်ရှိ မြို့မဈေး၊ ကန်သာဈေး၊ ရန်ပယ်ဈေးနှင့် ရန်ကင်းဈေးများအတွင်းမှ စားသောက်ကုန် နမူနာ အမျိုးအစား ဝယ်ယူကာ ဓာတ်ခွဲခန်းကျွမ်းကျင်သူများဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ ရန်ကင်းဈေးမှာ အချို့ ကွမ်းသီးနှင့် အသားတုများထဲတွင် စားသုံးရန်မသင့်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတဲ့အတွက် ရောင်းချမှုကို တားမြစ်ခဲ့ပါတယ်၊ ခုလည်း ဆက်လက်ပြီး စစ်ဆေးနေပါတယ်၊ တံဆိပ်ပါတဲ့ ပစ္စည်းမှာ စားသုံးရန်မသင့်တဲ့ ပစ္စည်းတစ်မျိုးမျိုး စစ်ဆေးတွေ့ရှိတယ်ဆိုရင် ခေတ္တ ရောင်းချခွင့် ပိတ်ပင်ထားပြီး သေချာစေဖို့အတွက် နေပြည်တော်ကို ပို့စစ်မှာပါ။ စားသုံးရန် မသင့်ဘူးဆိုတဲ့ အဖြေပဲ ထွက်ရှိတယ်ဆိုရင် ထုတ်လုပ်ရာ ပင်ရင်းကို လိုက်ပြီး အရေးယူမယ်။ တံဆိပ်မပါဘဲ အလွတ်ရောင်းချတဲ့ ပစ္စည်းမှာ တွေ့ရှိတယ်ဆိုရင်တော့ အဲဒီပစ္စည်းကို ဈေးကော်မတီရှေ့မှောက်မှာ ဆက်ပြီးရောင်းချခြင်းမပြုဖို့ ဈေးသည်ကို ခံဝန်ထိုးစေပြီး ပစ္စည်းကို သိမ်းဆည်း မှာဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ တိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူး ကပြောသည်။
ယခင်က တိုင်းဒေသကြီးပိုင် ဓာတ်ခွဲယာဉ်မရှိသည့်အတွက် နေပြည်တော်ရုံးချုပ်မှ ရွေ့လျားဓာတ်ခွဲယာဉ်၊ ဓာတ်ခွဲကျွမ်းကျင်များဖြင့် တိုင်းအတွင်းမှ မကွေး၊ အောင်လံ၊ ပခုက္ကူ၊ မင်းဘူး၊ ရေနံချောင်း မြို့နယ်များရှိ ဈေးများတွင် နှစ်ပတ်ကြာ ပထမအကြိမ် စစ်ဆေးခဲ့ပြီး၊ စားသောက်ကုန်များ သိမ်းဆည်းခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပြီး ယခုစစ်ဆေးခြင်းသည် ဒုတိယအကြိမ် စစ်ဆေးခြင်းဖြစ်ကာ တိုင်းဒေသကြီးပိုင် ဓာတ်ခွဲယာဉ်ဖြင့် ပထမဆုံးအကြိမ် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


