ရန်ကုန်- မတ် ၃၀


မြန်မာနိုင်ငံ၏ ပထမဆုံးသော စက်ရုပ်ပြိုင်ပွဲဖြစ်သည့် Myanmar RoboLeague 2019 ကို ဖန်တီးရာမှ ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် အရည်အသွေးပြည့်ဝသည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို စတင်ခေါ်ယူနေပြီ ဖြစ်သည်။ 


အဆိုပါပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဇွန်လပိုင်းတွင် နိုင်ငံအဆင့် ယှဉ်ပြိုင်မှုအနေဖြင့် ရန်ကုန်တက္ကသိုလ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက ရန်ကုန် တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည့် စာနယ်ဇင်း မိတ်ဆက်ပွဲမှ သိရသည်။


Myanmar RoboLeague 2019 ကို စက်ရုပ်နှင့် STEM ကျွမ်းကျင်မှု အတတ်ပညာဖြစ်သော Science - သိပ္ပံဘာသာရပ်၊ Technology - နည်းပညာ၊ Engineering - အင်ဂျင်နီယာပညာရပ်နှင့် Mathematics - သင်္ချာဘာသာရပ်များကို မြန်မာနိုင်ငံရှိ လူငယ်များ ပိုမိုစိတ်ပါဝင်စား ရင်းနှီးကျွမ်းကျင်လာသည်နှင့်အမျှ ဖန်တီးရာနှင့် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနရှိပါချုပ်များ ကော်မတီတို့ ပူးပေါင်းကာ နိုင်ငံအဆင့် စက်ရုပ်ပြိုင်ပွဲတစ်ခု ကျင်းပရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။


Myanmar RoboLeague 2019 ပြိုင်ပွဲတွင် ပထမရရှိမည့် အသင်းသည် အောက်တိုဘာလတွင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ ကျင်းပမည့် FIRST Global Robotics Challenge ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် သွားရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိမည်ဖြစ်သည်။ 

 

1


“မြန်မာနိုင်ငံက ကျောင်းသား ကျောင်းသူတွေ STEM ပညာရပ်တွေ၊ Science Technology Education နဲ့ Mathematics ပညာရပ်တွေမှာ အကျွမ်းတဝင် ဖြစ်လာစေဖို့နဲ့  နည်းပညာနဲ့ ပတ်သက်ပြီး လူငယ်တွေ အတွေးအခေါ် ရရှိစေရန်အတွက် ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာဆိုရင် ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပထမဦးဆုံးအကြိမ် ပြုလုပ်မှာဖြစ်တဲ့အပြင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ကျင်းပမယ့် နိုင်ငံတကာအဆင့်ပြိုင်ပွဲနဲ့ ချိတ်ဆက်ထားတဲ့အတွက် ပြိုင်ပွဲဝင်တွေရဲ့ အသက်နဲ့ ပါဝင်နိုင်တဲ့ တက္ကသိုလ်တွေကို ကန့်သတ်လိုက်ရတာ တွေလည်း ရှိခဲ့ပါတယ်။ နောင်နှစ် ၂၀၂၀ မှာ ကျင်းပမယ့် Myanmar RoboLeague မှာတော့ အသက်အလိုက် ပြိုင်ပွဲဝင်အဆင့်တွေ ခွဲထားပြီး နိုင်ငံတစ်ဝှမ်းရှိ ကျောင်းတိုင်းမှ ပါဝင်လိုတဲ့ ကျောင်းသား ကျောင်းသူတွေ လျှောက်ထားနိုင်ဖို့ လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ဖန်တီးရာ၏ Makerspace Manager ကိုထူးဝေထက်က ပြောကြားသည်။


အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များမှ လက်ရှိတက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။


အသက်ကန့်သတ်ချက်အနေဖြင့် အသက် ၁၉ နှစ်အောက် ကျောင်းသားများသည် ယှဉ်ပြိုင်သူအဖြစ်  ပါဝင်နိုင်မည်ဖြစ်ပြီး အသက် ၁၉ နှစ် အထက် ကျောင်းသားများသည် နည်းပြအဖြစ် ပါဝင်နိုင်မည်ဖြစ်သည်။ ကျောင်းတစ်ကျောင်းတွင် ယှဉ်ပြိုင်သူအနေဖြင့် ၅ ဦး ရွေးချယ်မှာဖြစ်ပြီး နည်းပြအနေဖြင့် တစ်ဦးသာ ရွေးချယ်မည်ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းများ၊ ပါဝင်နိုင်မည့် တက္ကသိုလ်စာရင်းများနှင့် အသေးစိတ် အချက်အလက်များကို www.bit.ly/mmroboleague တွင် ကြည့်ရှုပြီး ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ၊ ကျောင်းသားကတ်၊ ဓာတ်ပုံများကို ၂၀၁၉ ခုနှစ် ဧပြီ ၁၂ ရက်အထိ နောက်ဆုံးထား ဖြည့်စွက် လျှောက်ထားရမည် ဖြစ်သည်။ လျှောက်လွှာ ဖြည့်စွက်မှု အပြီးတွင် မိနစ် ၉၀ စာ အရည်အချင်းစစ် ဉာဏ်စမ်း မေးခွန်းအား ဆက်လက် ဖြေဆိုရမည် ဖြစ်သည်။ ရွေးချယ်ခံရသော ကျောင်းသား ကျောင်းသူများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ရွေးချယ်ခံရသော အသင်းများအား ဖန်တီးရာ Facebook စာမျက်နှာတွင် ကြေညာပေးသွားမည်ဖြစ်သည်။


အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Website: www.phandeeyar.org၊  Facebook: FB.com/phandeeyar၊ Twitter: @Phandeeyar နှင့် Instagram: @phandeeyar တို့တွင် ကြည့်ရှုနိုင်ကြောင်း သိရသည်။


သတင်း- ဝင်းဝင်းမော်
ဓာတ်ပုံ- လှမိုး

 

1