ပဲခူး ၃၀ မတ်
ကလေးစာပေပွဲတော်(ပဲခူး)ကို ၂၀၁၉ ခုနှစ်၊ မတ် (၂၈) ရက်မှ (၃၀)ရက်အထိ ပဲခူးတက္ကသိုလ်အတွင်း ကျင်းပခဲ့ရာ ကလေးများ၏ ပုံပြင်၊ ကဗျာရွတ်ဆိုသံများ၊ တေးသီချင်းသီဆို ကခုန်သံများ၊ ပြေးလွှားဆော့ကစားသံများဖြင့် သုံးရက်တိုင်တိုင် အထူးစည်ကားခဲ့သည်။
ကလေးစာပေပွဲတော် (ပဲခူး) တွင် ကဗျာရွတ်ဆိုပြိုင်ပ္ပွဲ၌ (၇၃) ဦး၊ ပုံပြောပြိုင်ပွဲ၌ (၁၀၉) ဦး၊ ကျပန်းစကားပြောပြိုင်ပွဲ၌ (၄၃) ဦး၊ ပန်းချီပြိုင်ပွဲ၌ (၂၂၀)၊ စက္ကူခေါက်ပြိုင်ပွဲ၌ (၁၅၁၄) ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၌ (၁၂၅) ဦး၊ စက္ကူပြဇာတ်ပြိုင်ပွဲ၌ (၄၄) ဦး၊ ရုပ်ပုံပါစာအုပ် ပုံပြင်ပြောပြိုင်ပွဲ၌ (၆၁) ဦး၊ ဘုတ်ပြားပြဇာတ်ပြိုင်ပွဲ၌ (၃၆) ဦး၊ အရုပ်ဆက် ပြိုင်ပွဲ၌ (၂၄၉၈) ဦး၊ စကားပုံဆက်ပြိုင်ပွဲ၌ (၁၅၄၃) ဦး၊ အိမ်ဆောက်လုပ်ကစားပြိုင်ပွဲ၌ (၁၆၅၄) ဦး၊ ဆေးရောင်ခြယ် ပြိုင်ပွဲ၌ (၂၆၇၇) ဦး၊ Team Building Games ပြိုင်ပွဲများ၌ (၂၅၄၄၇) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့ပြင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ဘာသာစကားဖြင့် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ကယား၊ ကရင်၊ အရှုချင်း၊ မွန်၊ ပအိုဝ်း၊ ရှမ်းတိုင်းရင်းသားများက တိုင်းရင်းသားကဗျာရွတ်ဆိုသူ (၁၂)ဦး၊ တိုင်းရင်းသားပုံပြင်ပြောသူ (၁၂) ဦးတို့က ပါဝင်ခဲ့ကြသည်။
ကလေးစာပေပွဲတော် (ပဲခူး) တွင် ကျင်းပပြုလုပ်သည့် စာပေဟောပြောပွဲများတွင် ဆရာ မောင်ခြိမ့်၊ ဆရာ ခိုင်ချစ်အောင် (ပဲခူး)၊ ဆရာမ မေသင်္ကြန်ဟိန် (မြစ်မခ)၊ ဆရာမ ဝတ်ရည်ခင် (ပဲခူး)၊ ဆရာမ ပုညခင်နှင့် ဆရာကံမြင့်မော်တို့က ဟောပြောခဲ့ကြပြီး စာပေဆွေးနွေးပွဲများတွင် သဘင်ပညာရှင် နန်းခင်မွှေး၊ ဟံသာစိုးဝင်း၊ သရုပ်ဆောင် မင်းညီ၊ ထက်အံ့လင်း၊ ဇာတ်ညွှန်း ဒါရိုက်တာ အကယ်ဒမီ ငြိမ်းမင်း၊ ဆရာမ ဝတ်ရည်ခင် (ပဲခူး)၊ သဘင်ပညာရှင် ဖိုးချစ်၊ အဆိုတော် သြရသ၊ အဆိုတော် ပြည့်ဖြိုး၊ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) နှင့် သဘင်ပညာရှင် ဦးမိုးဝင်းတို့က စာပေလေ့လာဖတ်ရှုရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဖျော်ဖြေရေးအစီအစဉ်များတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ (၁၁၃၁) ဦးက တေးသီးချင်း၊ အကများဖြင့် နေ့အလိုက် ဖျော်ဖြေတင်ဆက်ကြပြီး နိုင်ငံကျော် အဆိုတော် စိန်ဝင်းထွန်း၊ ရွှေဖြူ၊ ဂျေမောင်မောင်၊ ရှင်ဖုန်း၊ ခင်မောင်ထူး၊ ဟေမာနေဝင်း၊ မိစန္ဒီ၊ ဖိုးပြည့်၊ ပြည့်ဖြိုး၊ မေမဒီ၊ စွမ်းပြည့်အောင်တို့ကလည်းကောင်း၊ ငြိမ်းချမ်းရေး ဂီတပွဲတော် ဆုရအဆိုရှင်များကလည်းကောင်း မြန်မာ့အသံ ခေတ်ပေါ်တီးဝိုင်းနှင့်အတူ ပါဝင်ဖျော်ဖြေ တင်ဆက်ပေးခဲ့ကြသည်။
အလားတူ ကလေးစာပေပွဲတော် (ပဲခူး) သို့ လာရောက်သည့် ကျောင်းသား/ကျောင်းသူများ ဗဟုသုတရရှိစေရန် တက္ကသိုလ်/ ကောလိပ်အသီးသီးမှ ပြခန်းများ၊ ဌာနဆိုင်ရာ ပြခန်းများနှင့် အဖွဲ့အစည်းအသီးသီးမှ ပြခန်း စုစုပေါင်း (၄၉) ခန်း ခင်းကျင်းပြသထားပြီး ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ ထို့ပြင် ပွဲတော်တွင် စာအုပ်အရောင်းဆိုင် (၆၉)ဆိုင် ခင်းကျင်းရောင်းချခဲ့ပြီး စာအုပ်စုစုပေါင်း (၁၈၇၇၅) အုပ်ခန့်၊ တန်ဖိုး ငွေကျပ် (၁၅၀၂၀ဝ၀ဝ)ခန့် ရောင်းချခဲ့ရသည်။
ကလေးစာပေပွဲတော်(ပဲခူး)သို့ ကျောင်းသား/ကျောင်းသူများနှင့် မိဘပြည်သူများ လာရောက်လေ့လာမှု အနေဖြင့် မတ် ၂၈ ရက်တွင် (၅၈၉၂၀)ဦး၊ မတ် ၂၉ ရက်တွင် (၆၁၄၄၄)ဦး၊ မတ် ၃၀ ရက်တွင် (၈၄၂၆၇)ဦး၊ စုစုပေါင်း(၂၀၄၆၃၁) ဦး ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


