ရန်ကုန် ၃၀ မတ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် နေပြည်တော်မှ ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့သို့ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

mdn

 

နိုင်ငံတော်သမ္မတသည် ရွှေတိဂုံစေတီတော်သို့ရောက်ရှိပြီး ပတ္တမြား မျက်ရှင်ဘုရားအား ရွှေကြာသင်္ကန်း ကပ်လှူကာ စေတီတော်အထွဋ်ရှိ စိန်ဖူးတော်အား တက်ရောက်ဖူးမြော် ကြည်ညိုသည်။

 

mdn

 

နိုင်ငံတော်သမ္မတသည် သာကေတမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ဖွဲ့စည်းတည်ရှိမှုနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အစီအမံများကို ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံသည် ပြည်ထောင်စု သမ္မတနိုင်ငံဖြစ်ပါကြောင်း၊ ပြည်ထောင်စုဆိုသည်မှာ တိုင်းရင်းသားလူမျိုးများအားလုံး စုပေါင်းပါဝင်မှသာ ပြည်ထောင်စုနိုင်ငံဖြစ်မည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသို့ လာရောက်ကြသည့် ပြည်တွင်း၊ ပြည်ပဧည့်သည်များ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ အပန်းဖြေလေ့လာရာတွင် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ၌ တိုင်းရင်းသားအားလုံး၏ ရိုးရာယဉ်ကျေးမှု၊ အသုံးအဆောင်၊ ဓလေ့၊ ထုံးတမ်းအစဉ်အလာများကို ပကတိအနေအထားအတိုင်း တစ်စုတစည်းတည်း လေ့လာနိုင်အောင် စနစ်တကျ ထိန်းသိမ်းပြသထားရန်လိုကြောင်း၊ ယင်းသို့ စနစ်တကျ စုစည်းပြသထားခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကို ပေါ်လွင်စေပါကြောင်း၊ မိမိတို့တိုင်းရင်းသားများမှာ သမိုင်းအစဉ်အဆက်တွင် အေးအတူပူအမျှ အတူတကွ နေထိုင်ခဲ့ကြသူများ ဖြစ်ပါကြောင်း၊  မိမိတို့ခံယူထားသည်မှာ တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု၊ အသုံးအဆောင်၊ ဓလေ့၊ ထုံးတမ်းအစဉ် အလာများကို ဖွံ့ဖြိုးတိုးတက်အောင်၊ မပျောက်ပျက်အောင် ဆောင်ရွက်ပေးရန် မူဝါဒများရှိပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ အသုံးအဆောင်၊ ဓလေ့၊ ထုံးတမ်းအစဉ်အလာများ စနစ်တကျရှိစေရန် လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်းပေးစေလိုကြောင်း၊ ယင်းမှာ မိမိနိုင်ငံ၊ မိမိတို့တိုင်းရင်းသားများ၏ ဂုဏ်သိက္ခာဖြစ်ပါကြောင်း။

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ ပြည်တွင်း၊ ပြည်ပဧည့်သည်များ၊ အများပြည်သူများ၊ ယခုထက်ပိုမိုလာရောက်စေရန် သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ထားရ မည်ဖြစ်ကြောင်း၊ သန့်ရှင်းသာယာလှပလာပါက ဧည့်သည်များ ပိုမိုလာရောက်ကြမည်ဖြစ်သည့်အတွက် ဝင်ငွေပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် မိမိတို့နိုင်ငံ၏ ပြယုဂ်ဖြစ်ပါကြောင်း၊ အလားတူမိမိတို့ ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကိုမောင်နှများအတူတကွ ချစ်ခင်စွာနေထိုင်ကြသည့် သင်္ကေတလည်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာကို ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် တိုင်းရင်းသားကျေးရွာ ကပွဲခန်းမတွင် ယဉ်ကျေးမှုသရုပ်ပြ ဝန်ထမ်းများက ဖျော်ဖြေတင်ဆက်သည့် ရိုးရာယဉ်ကျေးမှု အကများအား ကြည့်ရှုကာ ဖျော်ဖြေတင်ဆက်ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေများကို ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

mdn

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

mdn

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် စက်မှုဝန်ကြီးဌာန ဆေးဝါးစက်ရုံ (အင်းစိန်)သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ဆေးဝါးစက်ရုံ(အင်းစိန်)နှင့် မြန်မာ့ဆေးဝါးလုပ်ငန်း ဆေးဝါးစက်ရုံများမှ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက ဆေးဝါးထုတ်လုပ်မှုနှင့် အမြတ်ငွေ တိုးတက်ရရှိမှုမှာ သုံးစွဲသူနှင့် ဈေးကွက်တိုးတက်လာသည့်အတွက် ဖြစ်ပါကြောင်း၊ သုံးစွဲသူများပြားလာသည်နှင့်အမျှ သုံးစွဲသူများ၏ အန္တာရာယ်ကင်းရှင်းရေးအတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထုတ်လုပ်မှု၊ ထုတ်ပိုးမှုစနစ် ကောင်းမွန်စေရန်နှင့် ဆေးဝါးများအရည်အသွေးမီပြီး ခေတ်မှီရန်လိုအပ်ပါကြောင်း၊ အတုအပ မထုတ်လုပ်နိုင်အောင်လည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆေးဝါးထုတ်လုပ်မှုများနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ပြီး ဈေးကွက်တိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြွေဆိပ်ဖြေဆေးကို ပြည်တွင်းလိုအပ်ချက် ပြည့်မီရုံသာမက ပြည်ပတင်ပို့မှုကိုလည်း ပိုမိုအောင်မြင်စေရန် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။

 

mdn

 

ထို့နောက် နိုင်ငံတော်သမ္မတသည် မြွေဆိပ်ဖြေဆေးထုတ်လုပ်မှု၊ ဆေးဝါးစက်ရုံ (အင်းစိန်)မှ အသစ်ထုတ်လုပ်ထားသည့် ဆေးဝါးများ၊ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့် လူနာတင်ယာဉ်၊ Snake Farm ၌  မြွေဆိပ်ထုတ်ယူမှု၊ ဆေးဝါးပစ္စည်း သိုလှောင်ရုံနှင့် စက်ရုံအတွင်း လိုက်လံကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် အင်းစိန်ဘူတာသို့ရောက်ရှိပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့နှင့်အတူ RBE ရထားဖြင့် ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုသည်။

 

mdn

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရန်ကုန်ဘူတာကြီးသို့ရောက်ရှိရာ ရန်ကုန်ဘူတာကြီး အစည်းအဝေးခန်းမ၌ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ရထားလမ်းနှင့် မလွတ်ကင်းသည့် ပျံကျဈေးသည်များအား စနစ်တကျနေရာချထားပေးမှုနှင့် ရန်ကုန်မြို့ပြလူထု ရထားပို့ဆောင်ရေးစီမံကိန်း (YUMRT) လေ့လာဆန်းစစ်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက မိမိတို့အနေဖြင့် ပြည်သူများ၏ သွားလာရေးအဆင်ပြေပြီး သက်သောင့်သက်သာ ဖြစ်စေလိုပါကြောင်း၊ သို့ဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့ပတ်ရထားလမ်းများ ဆောင်ရွက်ရာတွင် အချက်ပြစနစ်ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ ပြည်သူများ အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းကူးတံတားများ ဆောင်ရွက်ရန်လိုပါကြောင်း၊ ရထားလမ်းနှင့် ကားလမ်းဆုံရာနေရာများတွင် ပြည်သူများ အန္တရာယ်ကင်းစေရေး၊  မြို့ပတ်ရထားလမ်းပတ်ဝန်းကျင်နှင့် လမ်းတစ်လျှောက် ဘူတာများ သန့်ရှင်းသပ်ရပ်ရေးအတွက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားစီးခရီးသည်များ တိုးတက်လာသည်နှင့်အမျှ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ပြီး ဌာနအတွက်လည်း ဝင်ငွေတိုးတက်လာမည်ဖြစ်ပါကြောင်း မှာကြားသည်။

အဆိုပါ စီမံကိန်းကို ခရီးသည်များ သက်သောင့်သက်သာဖြင့် ရထားစီးနင်းနိုင်စေရန်၊ မြန်နှုန်းမြှင့်ပြေးဆွဲနိုင်စေရန်၊ ပြေးဆွဲချိန်လျော့နည်းစေရန်၊ ရထားအသုံးပြုသည့် ခရီးသွားသူများ ပိုမိုတိုးတက်လာစေရန်နှင့် ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်းမှုကို တစ်ထောင့်တစ်နေရာမှ ဖြေရှင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)