ချောင်းဦး ၃၁ မတ်
စာကြည့်တိုက်ဝန်ဆောင်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသက်လင်း တို့မှ အမှာစကား ပြောကြားပြီး ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုဝင်းက စာကြည့်တိုက် ဝန်ဆောင်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာကြည့်တိုက်များဝန်ဆောင်မှု မြှင့်တင်ရေးလုပ်ငန်းခေါင်းစဉ်နှင့် ကလေးစာဖတ်ခန်း အဆင့်မြှင့်တင်ရေး ဆောင်ရွက်မည့် အစီအမံခေါင်းစဉ်တို့ဖြင့် တက်ရောက်လာသည့် စာကြည့်တိုက်မှူးများက အုပ်စုအလိုက် ဆွေးနွေးခဲ့ရာ မိမိတို့ စာကြည့်တိုက်၏ အားသားချက်၊ အားနည်းချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။
စာကြည့်တိုက် အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်မှူးများနှင့် စာကြည့်တိုက်လုပ်ငန်းကို စိတ်ပါဝင်စားသူ ၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အိအိအောင် (ချောင်းဦး)


