မုံရွာ ၃၁ မတ်
မုံရွာမြို့ ချင်းတွင်းမြစ်ကမ်း သဲသောင်ပြင်ပေါ်၌ ဒုတိယအကြိမ်ကျင်းပမည့် ချင်းတွင်းသင်္ကြန်ပွဲတော်တွင် သဲပန်းပုရုပ်များ ပါဝင်ပြသရန်အတွက် သဲပန်းပုရုပ်ထုများကို ယနေ့ နံနက်ပိုင်း မှစတင်ပြီး ထုလုပ်လျက်ရှိကြောင်း သိရသည်။
“မနှစ်ကတော့ နိုင်ငံခြားက ပညာရှင်ပါတော့ သူ့တို့ဆီကပညာကို လေ့လာခွင့်ရတယ်၊ အခုနှစ်မှာတော့ ကျွန်တော်တို့ ဆရာတွေ သင်ကြားပေးတဲ့ ပညာရယ်၊ နိုင်ငံခြားဆီက လေ့လာခွင့်ရခဲ့တဲ့ ပညာတွေကို ပေါင်းစပ်ပြီးတော့ မြန်မာမူ ဟန်မပျက် ထုလုပ်သွားဖို့ စီစဉ်ထားတယ်၊ အခုနှစ်မှာ ရေသူမရုပ်၊ ကာတွန်းရုပ်၊ ကလေးရုပ်လေးတွေ၊ ရဲတိုက်ပုံ၊ မြန်မာ့အမျိုးသမီး မျက်နှာပုံ၊ မိသားစုပုံလေးတွေကို အမြင့် (၉)ပေလောက်ရှိတဲ့ပုံတွေ ထုလုပ်သွားမှာပါ၊ မနှစ်ကတော့ (၁ဝ)ရုပ်လောက် ထုဖြစ်တယ်၊ မုံရွာဒေသခံ သဲပန်းပုပညာရှင်တွေရဲ့ လက်ရာ(၃)ရုပ်လောက် ပါတယ်၊ နိုင်ငံခြားပညာရှင်ရဲ့ သဲပန်းပုတစ်ရုပ်ပါတယ်” ဟု သဲပန်းပုထုဆစ်သူ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) နောက်ဆုံးနှစ်ကျောင်းသား ကိုဖိုးဝလုံး က ပြောသည်။
ဒုတိယအကြိမ် ကျင်းပသည့် ချင်းတွင်းသင်္ကြန်ပွဲတော်တွင် ထည့်သွင်းပြသနိုင်ရန်အတွက် ထုလုပ်လျက်ရှိသော သဲပန်းပုများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကျောင်းများမှ ကျောင်းသား (၂ဝ)ဦးတို့က ဆရာ(၈)ဦးတို့၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းမှ စတင်ထုလုပ်လျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


