မိတ္ထီလာ  ၃၁  မတ်    
                           
မိတ္ထီလာမြို့နယ် ဆွာတောကျေးရွာတွင် ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် လူထုအခြေပြု ခရီးသွားလုပ်ငန်းကို အက်ရှင်အေ့ဒ်မြန်မာ (မိတ္ထီလာ)က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

2

 

အဆိုပါ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို ၂၀၁၈ ဒီဇင်ဘာတွင်  စမ်းသပ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ဇန်နဝါရီတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ စမ်းသပ်ဆောင်ရွက်သည့် ဒီဇင်ဘာလမှ  ၂၀၁၉ မတ် ၂၈ ရက်အတွင်း ခရီးစဉ် (၆)ကြိမ်လာရောက်ခဲ့ပြီး နိုင်ငံခြား ခရီးသွားဧည့်သည် စုစုပေါင်း ၇၃ ဦး လာရောက်လည်ပတ် လေ့လာခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

 

3

 

“လူထုအခြေပြု ခရီးသွားလုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆွာတောကျေးရွာမှာ နိုင်ငံခြားခရီးသွား ဧည့်သည်တွေ အချိန်ပိုင်း လာရောက်လေ့လာ လည်ပတ်နိုင်တဲ့ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို PEAK Myanmar (Journeys Adventure Travel) ခရီးသွားကုမ္ပဏီနဲ့ တစ်နှစ်စာ စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ တစ်နှစ်အတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် (၁၀) ကြိမ်မှ (၁၅)ကြိမ်ခန့်အထိ လာရောက်နိုင်ဖို့ ခန့်မှန်းထားပါတယ်၊ လာရောက်လည်ပတ်သူတွေ အနေနဲ့ ကျေးရွာမှာရှိတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ၊ ဒေသထွက်ကုန်တွေ၊ လူနေမှု ဓလေ့ထုံးစံတွေကို အချိန်တစ်နာရီကနေ နှစ်နာရီခန့် ကြာမြင့်အောင် လေ့လာနိုင်မှာဖြစ်ပြီး ဒေသလက်ရာ ထမင်းဟင်းတို့ကို သုံးဆောင်နိုင်အောင် စီစဉ်ပေးထားပါတယ်” ဟု အက်ရှင်အေ့ဒ်မြန်မာ (မိတ္ထီလာ)မှ အစီအစဉ်အရာရှိ ဦးတိုးတိုးက ပြောသည်။ 

 

4

 

ဆွာတောကျေးရွာသို့ လေ့လာလည်ပတ်သည့် နိုင်ငံခြားခရီးသွားဧည့်သည်များထဲတွင်  အိန္ဒိယ၊ တရုတ်၊ ကမ္ဘောဒီးယား၊ အင်္ဂလန်၊ အမေရိကန်၊ ဒိန်းမတ်၊ အီတလီ၊ ဩစတေးလျနှင့် နယ်သာလန် နိုင်ငံများမှ နိုင်ငံခြား ခရီးသွားဧည့်သည်များ ပါဝင်ကြောင်း သိရသည်။

255

ချမ်းသာ  (မိတ္ထီလာ)