တာချီလိတ် မတ် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူများ ဝင်ရောက်ဖုံးလွှမ်းမှုကြောင့် ယနေ့တွင် လေထုအညွှန်းကိန်း (၅၀၂) နီညိုရောင်အဆင့်အထိ မြှင့်တက်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ တာချီလိတ်မြို့တွင် လေထုအရည်အသွေး တိုင်းတာမှုများ ပြုလုပ်ရာ မတ် ၂၉ ရက်က အညွန်းကိန်း (၁၅၆)၊ မတ် ၃၀ ရက်တွင် မီးခိုးမြူပိုများလာပြီး လေထုအရည်အသွေး အညွှန်းကိန်း ၄၄၈ အထိ ရှိခဲ့ပြီး ယနေ့တွင် လေထုအရည်အသွေး အညွှန်းကိန်း ၅၀၂ အထိ မြှင့်တက်လာခြင်း ဖြစ်သည်။
လေထုအရည်အသွေး အညွှန်းကိန်းမှာ သုည မှ ၅၀ အထိ ကောင်းမွန်သည့် အနေထား၊ ၅၀ မှ ၁၀ဝ ကြား အဝါရောင်အဆင့် အတန်အသင့် ကောင်းမွန်သည့် အနေအထား၊ အညွှန်းကိန်း ၁၀၁ မှ ၁၅၀ ကြား လိမ္မော်ရောင်အဆင့်ဖြစ်ပြီး အဆုတ်ရောဂါ ရှိသူများ၊ ဓာတ်မတည့်သူများအတွက် ထိခိုက်စေနိုင်သည့် အနေအထား၊ အညွှန်းကိန်း ၁၅၁ မှ ၂၀ဝ အထိ အနီရောင်အဆင့် ဖြစ်ပြီး ကျန်းမာရေး ထိခိုက်စေနိုင်သည့် အနေအထား၊ အညွှန်းကိန်း ၂၀၁ မှ ၃၀ဝ အထိ ခရမ်းရောင်အဆင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့် အနေအထား၊ ၃၀၁ မှ ၅၀ဝ အထိ နီညိုရောင်အဆင့် အန္တရာယ်ဖြစ်စေနိုင်သည့် အနေအထား ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် လေထုအရည်အသွေး ညစ်ညမ်းနေမှုအား လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် တာဝန်ရှိသူများက ကျန်းမာရေး အသိပေးခြင်း၊ နှာခေါင်းစည်းများ ဖြန့်ဝေခြင်း၊ မီးခိုးငွေ့လျှော့ချရန် ရေမှုန်ရေမွှား ပက်ဖြန်းခြင်းနှင့် လေထုအရည်အသွေး တိုင်းတာခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မိုင်းဆတ်မြို့၊ မိုင်းတုံမြို့များတွင်လည်း မီးခိုးမြူများဖုံးလွှမ်းမှု ဖြစ်ပေါ်လျက်ရှိရာ ဌာနဆိုင်ရာများနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးသတ်ယာဉ်များဖြင့် ရေဖျန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)


