တံတားဦး ၃၁ မတ်
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်အတွင်းရှိ လက်ဆောင်ယူကျေးရွာတွင် သင်ဖြူးဖျာ ယက်လုပ်ခြင်းကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကာ အသက်မွေးဝမ်းကြောင်းအတွက် အဆင်ပြေစွာ ရပ်တည်နိုင်ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။
အဆိုပါကျေးရွာတွင် သင်ဖြူးဖျာ ယက်လုပ်ခြင်းလုပ်ငန်းကို တစ်ရွာလုံးနီးပါး ဘိုးစဉ်ဘောင်ဆက် မိရိုးဖလာ စီးပွားရေးလုပ်ငန်း အဖြစ် လက်ဆင့်ကမ်း သယ်ဆောင်လုပ်ကိုင်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် သင်ဖြူးဖျာတစ်ချပ် ယက်လုပ်ခအနေဖြင့် ငွေကျပ် ၂၀ဝ၀ နှုန်းရရှိကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဒေါ်တုတ်က ပြောသည်။
“သင်ဖြူးဖျာ ယက်လုပ်ဖို့အတွက် အရင်ဆုံး သင်ပင်ကို တစ်ရက်ရေစိမ်းပြီး လွှာရပါတယ်။ လွှာပြီးသား သင်တွေကို ရေခြောက်အောင် လှမ်းပြီးမှ ဖျာယက်ရတာပေါ့။ ဒီလုပ်ငန်းက အိုမကွာအိမ်မကွာ အိမ်မှုကိစ္စတွေလည်းလုပ်ရင်း တစ်ဖက်က သက်သက်သာသာနဲ့ ဝင်ငွေရရှိတဲ့ လုပ်ငန်းမို့ တစ်ရွာလုံးနီးပါး ဒီလုပ်ငန်းနဲ့ပဲ စားဝတ်နေရေးအတွက် အဆင်ပြေ ရပ်တည်နိုင်ကြပါတယ်။ တစ်ရက်ကို အနည်းဆုံး ဖျာ ၂ ချပ်တော့ ပြီးအောင်ယက်လုပ်နိုင်ကြတယ်။ ကျွမ်းကျင်သူတွေ ဆိုရင်တော့ သုံး၊ လေးချပ် ပြီးအောင်ယက်လုပ်နိုင်ပါတယ်”ဟု ၄င်းက ပြောသည်။
အဆိုပါကျေးရွာမှ ထွက်ရှိသည့် သင်ဖြူးဖျာ ရောင်းဈေးများအနေဖြင့် တစ်ယောက်အိပ်ဖျာ တစ်ချပ်လျှင် ငွေကျပ် ၁၈၀ဝ၀ နှုန်း၊ နှစ်ယောက်အိပ် တစ်ချပ်လျှင် ငွေကျပ် ၂၃၀ဝ၀ နှုန်းနှင့် မိသားစုအိပ်ဖျာတစ်ချပ်လျှင် ငွေကျပ် ၃၆၀ဝ၀ နှုန်းဖြင့် မန္တလေး၊ စစ်ကိုင်း၊ အင်းဝနှင့် တံတားဦးမြို့နယ်များသို့ အဓိက တင်ပို့ရောင်းချပေးလျက်ရှိသည်။
သင်ဖြူးဖျာသည် ကျန်းမာရေးနှင့် ညီညွတ်မှုရှိပြီး နွေရာသီကာလတွင် အေးမြသော ခံစားမှုကို ရရှိစေသဖြင့် သင်ဖြူးဖျာဖြင့် နေထိုင်အိပ်စက်ခြင်းသည် ပူအိုက်သည့်ဒဏ်ကို ကာကွယ်ရန် အကောင်းဆုံးဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


