မကွေး  ၃၁   မတ်     

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် မတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မကွေးမြို့၊ မဟာဝိသုတာရာမကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် ပွင့်ဖြူမြို့၊ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီးအား အလှူရှင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်နှင့်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်း (ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ(ဇေကမ္ဘာကုမ္ပဏီမိသားစု)က စတီးရွှေသင်္ကန်းနှင့် ဘက်စုံပြုပြင်လှူဒါန်းမှုတို့အတွက် သြဝါခံယူပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

သြဝါဒခံယူပွဲအခမ်းအနားကို နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး မကွေးမြို့ ရာဇမုနိ တောင်ပေါ်ကျောင်းတိုက် နိုင်ငံတော်သြဝါဒါစရိယ(မဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တကေလာသထံမှ ငါးပါးသီလခံယူဆောက်တည်၍ မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် သာသနာရေးဆိုင်ရာများ လျှောက်ထားကာ အလှူရှင်ဖြစ်သည့် ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတာတို့နှင့်အတူ လှူဘွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

 

ဆက်လက်ပြီး သြဝါဒါစရိယဆရာတော်(၇)ပါးတို့က သြဝါဒကထာများချီးမြှင့်တော်မူကာ မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၊ အောင်မြေရတနာစာသင်တိုက် ပဓာန နာယက(အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တပဏ္ဍိစ္စသာရ အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းလောင်းအနုမောဒနာတရားနာယူကြည်ညိုပြီး နံနက် ၁၀ နာရီခွဲအချိန်တွင် အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရိတိဋ္ဌတု"သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

 

ယင်းနောက် မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး တို့သည် မကွေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်လျက်ရှိသော အစိုးရဓမ္မာစရိယ စာဖြေဌာနတွင် ဓမ္မာစရိယကျမ်းစာများ ဖြေဆိုတော်မူကြသည့် သံဃာတော်များနှင့် စာမေးပွဲကြီးကြပ်ရေးဆရာတော်များကို သွားရောက်ဖူးမြော်ကြည်ညို၍ စာဖြေဌာနအတွက် အလှူတော် ငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်း၏ ကျောင်းအုပ်ဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တသုမင်္ဂလထံ ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ မေးမြန်းလျှောက်ထားကာ နဝကမ္မအလှူတော်ငွေကျပ်(၂)သိန်းကို ဆက်ကပ် လှူဒါန်းခဲ့ပြီး မွန်းလွဲ (၁)နာရီအချိန်တွင် မကွေးမြို့မှ နေပြည်တော်သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခဲ့ကြောင်း သိရှိရသည်။

 

သန်းနိုင်ဦး(ငဖဲ)

 

1