ရန်ကုန် ၃၁ မတ်
သံတွဲခရိုင်အသင်း(ရန်ကုန်) ၂၀၁၈ ခုနှစ် သင်းလုံးကျွတ်နှစ်ပတ်လည်အစည်းအဝေး၊ သက်ကြီးပူဇော်ပွဲ၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ထူးချွန်ဆုပေးပွဲအခမ်းအနားများကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ သုခိတာရာမပရိယတ္တိစာ သင်တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ သဘာပတိ သံတွဲခရိုင်အသင်း(ရန်ကုန်)နာယက ဦးစိုးမြင့် (စာရေး ဆရာအဏ္ဏဝါစိုးမိုး)က အဖွင့်အမှာစကားပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးမြမောင်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက်အသင်းဒုတိယဥက္ကဋ္ဌ ဦးထင်ကျော်လင်းက တက္ကသိုလ်ပညာသင်ဆု စိစစ်ရွေးချယ်ရေးအဖွဲ့ အစီရင်ခံစာကိုတင်ပြပြီး အသင်းမှ တာဝန်ရှိသူများက အလှူ ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ဆက်လက်၍ နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပရာ ၂၀၁၈ ခုနှစ် အလုပ်အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းတို့ကို အသင်းတာ ဝန်ရှိသူများက တင်သွင်းကြရာသဘာပတိက အတည်ပြုချက်ရယူသည်။
ယင်းနောက် ပညာရည်ချွန်ဆုပေးပွဲကိုကျင်းပရာ အသင်းနာယက စည်သူ ဒေါ်ကြန်(သမိုင်းဒေဝီ)ကိုယ်စားအသင်းနာယက ဦးလှကျော်အောင်က ``ဦးထွန်းလှ အောင် ပညာရည်ချွန်ဆု´´နှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီး အသင်းမှ တာဝန်ရှိသူ များက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရရှိသော ကျောင်းသား ကျောင်းသူ (၁၀)ဦးအား ဆုများချီးမြှင့်ရာ ဆုရရှိသူများကိုယ်စား ငါးဘာသာဂုဏ်ထူးရှင် မောင်ထွန်း နိုင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ၂၄ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကိုကျင်းပရာ ၇၅ နှစ်နှင့်အထက် ဘိုးဘွား ၄၆ ဦးတို့အား ဂါရဝပြုဝတ္ထုငွေဖြင့် ပူဇော်ကန်တော့ကြရာ ကန်တော့ခံဘိုးဘွား များကိုယ်စား အဘိုး ဦးဘအေး က သြဝါဒဆုပေးစကား ပြန်လည်ပြောကြားကာ သဘာ ပတိက နိဂုံးချုပ်စကား ပြောကြားသည်။
သံတွဲခရိုင်အသင်း(ရန်ကုန်)ကို ရန်ကုန်မြို့၌ ရောက်ရှိနေသော သံတွဲ ခရိုင်နွယ်ဖွားများဖြင့် ၁၉၄၅ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း ၇၄ နှစ်ရှိပြီဖြစ်သည်။ အသင်းသား ၂၄၀ဝ ကျော်ရှိပြီး အသင်းဝင်များ၏ သာရေး၊ နာရေး၊ လူမှုရေး၊ ပညာရေး ၊ဆင်းရဲနွမ်းပါးပြီး ဆေးကုသရန် အခက်အခဲရှိသူများ၊ ရခိုင်ဒေသ တွင် သဘာဝဘေးအန္တရာယ်တွေ့ကြုံခံရခြင်းများ စသည့် လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စများကိုသံတွဲခရိုင်အသင်း(ရန်ကုန်)က ရန်ကုန်မြို့တွင်ရှိသော အခြားမြို့ နယ်အသင်းအဖွဲ့များနှင့် ဆက်သွယ်ပူးပေါင်းကာ အစွမ်းကုန်ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း-ရီရီမြင့်
ဓာတ်ပုံ-လှမိုး


