ရန်ကုန် ၃၁ မတ်
ပြဒါးရည်တန် ၂၀ (ပိသာ ၁၃၀ဝ၀) ဖြင့် စီမံပူဇော်ကာ တည်ထားကိုးကွယ်မည့် ကမ္ဘာ့အံ့ဖွယ်ဆုတောင်းပြည့်စကြာအေးမိုးပျံ ပဌမံပြဒါးရှင် ကိုးနဝင်းဓါတုစေတီတော်မြတ်ကြီး၏ အထွဋ်တင်ပြဒါးရှင်ထီးတော်မြတ်နှင့် ရတနာစိန်ဖူးတော်တင်လှူပွဲ အလှူတော်မင်္ဂလာကို ယနေ့ နံနက်ပိုင်းက စေတီတော်တည်ရှိရာ မော်လမြိုင် သာမညစကြာတောင် ဖားအောက်ရိုးဂိုးကျေးရွာ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ကြပြီး ထီးတော်မြတ်နှင့်ရတနာစိန်ဖူးတော်တို့ကို ဆရာတော်များနှင့်အလှူရှင်တို့က တင်လှူပူဇော်ကြ သည်။ ဆက်လက်၍ ဗုဒ္ဓဘိသေကအနေကဇာတင်ပြီး မေတ္တာပို့သကာ မော်လမြိုင် သာမည မိုးကုတ်စကြာတောင်ဆရာတော်ကြီး မဟာကမ္မဋ္ဌာနစရိယတစ်ဘဝသာသနာ ဘဒ္ဒန္တသောဘန မထေရ်က ဇိတံမေ သုံးကြိမ်ရွတ်ဆိုသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလခံယူဆောက်တည်ကြပြီး သြဝါဒါခံယူကြသည်။ ယင်းနောက် ဆရာတော်အရှင်သူမြတ်များ၏ မေတ္တသုတ်ရွတ်ဖတ်ပူဇော်မှု အား နာယူကြပြီး လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းကြသည်။
၎င်းနောက် ရန်ကုန်အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ် စစ်တွေဓမ္မာစရိယတက္ကသိုလ် လှည်းကူးဓမ္မာစရိယ ဥယျာဉ် ကျောင်းတိုက် နာယကချုပ် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သုစိတ္တာဘိဝံသထံမှ အနုမောဒနာတရားနာကြားကြသည်။ ဆက်လက်၍ မော်လမြိုင်သာမည မိုးကုတ်စကြာတာင်ဆရာတော်ကြီးမှ ဆုတောင်းပြည့်ပြဒါးရှင်စေတီတော်မြတ်နှင့်ပတ်သက်သမျှ ဝမ်းမြောက်ဝမ်းသာစကားလျှောက်ထားပြီး ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသာနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထီးတော်မြတ်နှင့်ရတနာစိန်ဖူးတော် ကပ်လှူခြင်းမပြုမီ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်၊ အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ် စစ်တွေဓမ္မာစရိယတက္ကသိုလ် လှည်းကူး ဓမ္မာစရိယဥယျာဉ်ကျောင်းတိုက် နာယကချုပ်ဆရာတော်၊မော်လမြိုင် သာမည မိုးကုတ်စင်္ကြာ တောင်ဆရာတော်ဘုရားနှင့် အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်တို့က ဆုတောင်းပြည့်စကြာအေးမိုးပျံပဌမံပြဒါးရှင် ကိုးနဝင်းဓာတုစေတီတော်မြတ်ကြီး၏ အထွဋ်တင် အစိတ်အပိုင်းများဖြစ်သော ထီးတော်မြတ်နှင့်ရတနာ စိန်ဖူးတော်တို့အား စေတီတော်လက်ယာရစ် သုံးပတ်လှည့်လည်ပူဇော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြဒါးရှင်ကိုးနဝင်းဓာတုစေတီတော်၏ ကြာမှောက်ကြာလှန်၊ ဌက်ပျောဖူး၊ ထီးတော်နှင့် ရပ်တော်မူ လေးဆူတို့ အား ရွှေတိဂုံစေတီတော်တွင် မတ် ၉ ရက်မှ ၁၂ ရက်ထိ ရင်ငွေ့လှုံပူဇော်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပြဒါးရည်ငါးတန်ဖြင့် စီမံပူဇော်မည့် နဂါးရုံဘုရား၊ ဓမ္မစကြာမုဒြာဆင်းတုတော်နှင့် မိုးကုတ်ဆရာတော်ကြီး၏ပြဒါးရှင် ရုပ်ပွားတော်များအား လည်းကောင်း၊ ပြဒါးတန်ရာပေါင်းများစွာဖြင့် ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်ပါဠိတော်အုပ် ၄၀ ရှိ ဘုရားဟောပါဠိတော်များအားလည်းကောင်း ဆက်လက်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း၊ဓာတ်ပုံ-ဇော်မင်းလတ်


