နေပြည်တော်  ၃၁  မတ် 

 

သစ်တောဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သစ်တောဦးစီးဌာနသည် သစ်တောများ ရေရှည်တည်တံ့ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးကိုဦးတည်ပြီး နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဟန်ချက်ညီ ဆောင်ရွက်နေသည့် ဌာနတစ်ခုဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေး စီမံကိန်းသည်အရေးပါသည့် စီမံကိန်းတစ်ရပ်ဖြစ်သည့်အတွက် တိုင်းဒေသကြီး/ပြည်နယ်တာဝန်ခံများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အရေးပါတဲ့ ဦးစီးပဲ့ကိုင်များဖြစ်ကြပါ ကြောင်း၊ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း၏ အရေးကြီး သည့် လုပ်ငန်းများဖြစ်သည့် သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတော တန်ဖိုးမြှင့်စိုက်ခင်းများတည်ထောင်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ စီးပွားရေးစိုက်ခင်းဟောင်းများ ပြန်လည်ပြုစုထိန်းသိမ်းခြင်းအစရှိသည့် ကနဦးလုပ်ငန်းများကို ဆောင်ရွက်နေချိန်ဖြစ်ပါကြောင်း။

 

မြန်မာ့သစ်တောမူဝါဒကြေငြာချက်နှင့်အညီ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော များကို နိုင်ငံဧရိယာစုစုပေါင်းရဲ့ ၃၀ရာခိုင်နှုန်း၊သဘာဝနယ်မြေများကို နိုင်ငံဧရိယာ ၁၀ ရာခိုင်နှုန်းအထိ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၉ခုနှစ်၊  ဖေဖော်ဝါရီလကုန် အထိ နိုင်ငံဧရိယာအပေါ် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော ၂၅ ဒသမ ၃၁ ရာခိုင်နှုန်း၊ သဘာဝနယ်မြေ ၇ ဒသမ ၈၁ ရာခိုင်နှုန်း ဖွဲ့စည်းနိုင်ခဲ့ပြီးထပ်မံဖွဲ့စည်းရန် ကျန်ရှိသည့် နိုင်ငံဧရိယာအပေါ်ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော(၄ ဒသမ ၆၉ ရာခိုင်နှုန်း)နှင့် သဘာဝနယ်မြေ(၅ ဒသမ ၈၃ ရာခိုင်နှုန်း) ပြည့်မီရေးအတွက် အလေးထားဆောင်ရွက် ကြရန်မှာကြားလိုပါကြောင်း။

 

လက်ရှိသစ်တောနယ်မြေများ ထပ်မံလျော့ပါးမှု မရှိစေရေးအတွက် ဥပဒေ ကြောင်းအရ ခိုင်ခိုင်မာမာ ရပ်တည်ကာကွယ်ကြရန်လိုအပ်သလို ထပ်မံကျူးကျော်မှုများ မဖြစ်ပေါ်စေရန် မျက်ခြေမပြတ်စောင့်ကြည့်ပြီး အချိန်နှင့်တပြေးညီတားဆီးခြင်း၊ ရှင်းလင်းဖယ်ရှားခြင်းတို့ကိုဆောင်ရွက်ကြရန်မှာကြားလိုပါကြောင်း။

 

သစ်တောဦးစီးဌာနအနေဖြင့် တရားမဝင်သစ်ထုတ်လုပ်သယ်ဆောင် ရောင်းဝယ် မှုများ လျော့နည်းပပျောက်စေရန် ကြိုးပမ်းလျက်ရှိရာပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System) ကို အသုံးပြုလာပြီး သတင်းပေးဆုတွေများကိုလည်း ထိုက်တန်စွာ ချီးမြှင့်လာနိုင်သည့်အတွက် တရားမဝင်သစ် တားဆီးရေးလုပ်ငန်းစဉ်များ မှာ ပြည်သူတို့၏ပူးပေါင်းပါဝင်မှုအား တိုးတက်ရရှိလာသည်ကို တွေ့ရပါကြောင်း၊  ယခုအခါ တပ်မတော်၏အကူအညီကိုပါရယူဆောင်ရွက်လာနိုင်သည့်အတွက် ယခင်က လွှမ်းမိုးနိုင်ခြင်းမရှိတဲ့ ဧရိယာတွေမှာ တရားမဝင်သစ်တန်ပေါင်းများစွာ ဖမ်းဆီးလာ နိုင်ခဲ့ပါကြောင်း၊    ဖမ်းဆီးနိုင်မှု မရှိဘဲ လွတ်မြောက်သွားသည့်တရားမဝင် သစ်တန် ပမာဏ အများအပြားရှိမည်ဖြစ်သည့်အတွက် ဝန်ထမ်းတွေအနေနဲ့တရားမဝင်သစ် တားဆီးကာကွယ်ရေးကိစ္စသည် အလွန်ကြီးမားသည့် တာဝန်တစ်ရပ်ဖြစ်နေပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံများသည် မြန်မာနိုင်ငံ၏ သစ်တောများ ရေရှည်တည်တံ့ရေးနှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးကို မြေပြင်တွင် လက်တွေ့ဖော်ဆောင်နေသည့်ဦးစီးဦးဆောင်များဖြစ်သလို တိုင်းဒေသကြီး/ ပြည်နယ် အလိုက် အဓိကစွမ်းဆောင်နိုင်သူများလည်း ဖြစ်သည့်အတွက် မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်များရဲ့ သစ်တောကဏ္ဍကို အထောက်အကူပြုနိုင်မည့် အရေးပါသော ဆုံးဖြတ် ချက်များကို ဤအစည်းအဝေးမှရယူသွားနိုင်ရန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း ကြရန်အထက်မှာမိမိမှာကြားခဲ့သည့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည် ထောင်ရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေးကိစ္စ၊ ကမ္ဘာ့ရာသီဥတုပြောင်းမှု လျော့ချရေးကြိုးပမ်းချက်အပေါ် မြန်မာနိုင်ငံ၏ ကတိကဝတ်ဖြစ်တဲ့ သစ်တောနယ်မြေ နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ရည်မှန်းချက်ပြည့်မီအောင်တိုးချဲ့ဖွဲ့စည်း နိုင် ရေးကိစ္စ၊ တရားမဝင်သစ်တားဆီးရေးကို တိုးမြှင့်ဆောင်ရွက်ရန်ကိစ္စများကို ထဲထဲဝင်ဝင် ဆွေးနွေးကြရန်နှင့် မိမိတိုင်းဒေသကြီး/ ပြည်နယ်က လက်အောက်အမှုထမ်းများ၏ စာရိတ္တမဏ္ဏိုင် ခိုင်မာစေရေး ကြိုးပမ်းဆောင်ရွက်ကြ ရန်မှာကြားခဲ့ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။ 

 

အခမ်းအနားသို့   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)