မူဆယ် ၃၁ မတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ဆိုင်ကယ်စီးနှင်းသူများ ဆိုင်ကယ်စီးဦးထုပ် အသုံးပြုသွားလာစေရေးအတွက် ဆိုင်ကယ်အစီးရေ ၈၀ဝ ကျော်ဖြင့် ယနေ့ နံနက်(၉)နာရီတွင် မူဆယ်မြို့တွင်းသို့ စီတန်းလှည့်လည်ခဲ့သည်။
“မြန်မာနိုင်ငံအမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး စီမံချက်(၅)ရပ်မှာပါတဲ့ ပြည်သူလူထုပါဝင်လှုပ်ရှားတဲ့(Campaign)ကို ယာဉ်ထိန်းတပ်ဖွဲ့ကနေ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ် ပြည်သူ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းရမယ်ဆိုတဲ့ သတိလေးရအောင်၊ ပြည်သူများပူးပေါင်းပါဝင်မှသာလျှင် အောင်မြင်မှာဖြစ်တဲ့အတွက် ခုလိုဟောပြောပွဲတွေ၊ အသိပညာပေးလှုံ့ဆော်မှုတွေ ပြုလုပ်ပေးနေတာပါ ယာဉ်မတော်တဆ ထိခိုက်မှုတွေဖြစ်လာခဲ့ရင်လည်း လူ့အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့ ဦးခေါင်းကိုကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ဆောင်ရွက်ရတာဖြစ်ပါတယ် ခုလိုပြုလုပ်မှုကြောင့် ယာဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေ လျော့ကျလာမယ်လို့လည်း မျှော်လင့်ပါတယ်”လို့ မူဆယ်မြို့၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးချစ်စိန်ကပြောကြားသည်။
“အရင်ကဒါမျိုး မူဆယ်မြို့မှာတစ်ခါမှ မလုပ်ဖူးဘူး ခုလိုပြုလုပ်ပေးတာအရမ်းကောင်းပါတယ် တစ်ချို့တွေက ဆိုင်ကယ်စီးရင်ဦးထုပ်မဆောင်းချင်ဘူး ခုလိုပြုလုပ်ပေးတဲ့အတွက် ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းရမယ်၊ စည်ကမ်းရှိရှိမောင်းနှင်ရမယ်ဆိုတာပြည်သူတွေပိုသိလာတယ်”လို့ သိန်းတန်းချီရွှေများဆိုင်ကယ်အသင်း ဂိတ်မှူးကိုထူးကြီးက ပြောကြားသည်။
မော်တော်ဆိုင်ကယ်စီးနှင်းသူများ မော်တော်ဆိုင်ကယ်ဦးထုပ်အသုံးပြုသွားလာစေရေးအသိပညာပေး Campaign ကို ယနေ့ နံနက်(၉)နာရီအချိန်တွင် မူဆယ်မြို့ မင်္ဂလာမူဆယ် ဗဟိုခန်းမဆောင်၌ ဟောပြောပွဲအခမ်းအနားပြုလုပ်ခဲ့ပြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းဖိုးမြတ်၊ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးဦးလှိုင်စိုးသန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရိန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့်ပြည်သူများတက်ရောက်ခဲ့သည်။ ထို့နောက်ပါဝင်ဆင်နွှဲတက်ရောက်ကြသည့် လူထု(၈၀ဝ)ကျော်ကို သက်ဆိုင်ရာတာဝန်ရှိသူများက မော်တော်ဆိုင်ကယ်ဦးထုပ်နှင့် အသိပညာပေးစာတန်းပါ ရှပ်အင်္ကျီတို့ကို အခမဲ့ဖြန့်ဝေပေးကာ မင်္ဂလာမူဆယ်အရပ်မှ သိန်းသန်းချီအဝေးပြေးကားကြီးကွင်းအထိ စီတန်းလှည့်လည်အသိပညာပေး လှုံ့ဆော်ခဲ့သည်။ ဆိုင်ကယ်မတော်တဆယာဉ်တိုက်မှုကြောင့် (၂၀၁၉)နှစ်ဆန်းပိုင်းမှ ယနေ့ရက်ပိုင်းအထိ ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် မော်တော်ဆိုင်ကယ်မတော်တဆမှုကြောင့်(၈၀)ဦးကျော် အသက်ရှုံးဆုံးခဲ့ကြောင်း သိရသည်။
ဗန်ရိုးထန်(ပြန်/ဆက်)


