စနဲ ၃၁ မတ်
ကျောက်ဖြူမြို့နယ် စနဲမြို့တွင် နိုင်ငံတော်ဓာတ်အားလိုင်းမှ (၂၄)နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် စနဲမြို့ မြို့တော်ခန်းမရှေ့၌ ကျင်းပသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က အစိုးရ သုံးနှစ်တာကာလ အတွင်းအခြေခံအဆောက်အဦများကိုများစွာ လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် တွင် မြို့နယ်(၁၇)မြို့နယ်ရှိရာ(၁၆)မြို့နယ်တွင် လျှပ်စစ်မီး ရရှိနေပြီဖြစ်ပါကြောင်း၊ ကျန်ရှိနေသည့် မာန်အောင်မြို့နယ်တွင်လည်းဆိုလာစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီး၊ လမ်းစသည့် အခြေခံ အဆောက်အဦများ ပြည့်ပြည့်စုံစုံရရှိနေပြီဖြစ်ပြီးရရှိသည့် အခွင့်အရေးများကို လေးလေး နက်နက်ဖြင့် ဒေသပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရန် အရေးကြီး ပါကြောင်း၊ အခွင့်အရေးများမှတစ်ဆင့် စိုက်ပျိုးမွေးမြူရေး၊ ခရီးသွားလာရေး၊ ရောင်းဝယ်ရေး၊ စက်ရုံအလုပ်ရုံများစသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုမိမိတို့နှင့်ပူးပေါင်း၍ စဉ်းစား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများကလည်းပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း။
ယခုကဲ့သို့ လျှပ်စစ်မီးရရှိသည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ တွင်ပိုမိုထိရောက် ကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ ဒေသခံမိဘပြည်သူများမျှော်လင့်ခဲ့ ကြသည့် လျှပ်စစ်မီးရရှိပြီဖြစ်သည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ ရရှိလာသည့် အခွင့်အရေးများကိုမိမိတို့ဒေသပိုမိုတိုးတက်ကောင်းမွန်စေရန် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးဦးအောင်ကျော်ဇံကရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ၌ လျှပ်စစ်မီးရရှိမှုအခြေအနေနှင့် စနဲမြို့တွင် နိုင်ငံတော်ဓာတ် အားလိုင်းမှ (၂၄)နာရီ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှု အခြေအနေများကိုရှင်းလင်း ပြောကြားသည်။
ယင်းနောက် စနဲမြို့ ရပ်မိရပ်ဖဦးတင်မောင်ကကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဝန်ကြီးဦးအောင်ကျော်ဇံနှင့် ဦးဝင်းမြင့်တို့က စနဲမြို့တွင် (၂၄)နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းဖွင့်ပွဲအခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ထို့နောက် ဝန်ကြီးချုပ်က စနဲမြို့တွင် (၂၄)နာရီ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူး ပေးနိုင်ခြင်း အထိမ်းအမှတ်လျှပ်စစ်မီးခလုတ်ကိုနှိပ်၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကုတ်မြို့နယ် မအီမြို့ရှိလက်ပန်ကျေးရွာသို့ သွားရောက်၍ လက်ပန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူလူထုများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် ဦးညီပုက ယခုတွေ့ဆုံပွဲသည် ဒေသဖွံ့ဖြိုးရေး အတွက်လာရောက်ခြင်းဖြစ်သည့်အတွက် မိမိဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် ကိစ္စများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးစေလိုပါကြောင်း၊ ထိုသို့ ပြည်သူလူထု၏ အခက်အခဲများကို နားထောင်၍ မိမိတို့ကဖြေရှင်းဆောင်ရွက်ပြီးလိုအပ်ချက်များ ကိုပူးပေါင်းဖြည့်ဆည်းပေး သွားမည် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံကပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးညီပု က လက်ပန်ကျေးရွာအခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)၌ အသုံးပြုရန် ကွန်ပျူတာနှင့်ပရင့်တာစက်တစ်စုံအတွက် ငွေကျပ် (၈) သိန်း နှင့် ကျေးရွာတွင်းလမ်းများတွင် Box Culvert များတည်ဆောက်ရန် ငွေကျပ် (၁၅)သိန်းတို့ကို တာဝန်ရှိသူများထံပေးအပ်လှူဒါန်းသည်။
မျိုးသူထွန်း


