ရန်ကုန် ၃၁ မတ်
ရန်ကုန်မြို့နေပြည်သူများ မျှော်လင့်နေသည့် သန့်ရှင်းသာယာလှပပြီး စည်းကမ်း ရှိသည့် မြို့တော်ကြီးအဖြစ် အကောင်အထည်ဖော်ဆောင်ပေးနိုင်မည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲကို ယနေ့ နံနက် ၆ နာရီမှစတင်၍ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် တစ်ပြိုင်နက်တည်း ကျင်းပရာ မဲဆန္ဒရှင် ပြည်သူများသည် သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးသို့ လာရောက်ဆန္ဒမဲ ပေးကြသည်။
မရမ်းကုန်းမြို့နယ် အမှတ်(၁) ရပ်ကွက် မှ မဖြူဖြူထွန်းက ’’ ကိုယ်ရပ်ကွက်ကို ဘာတွေအထောက်အကူပြုနိုင်မလဲ၊ ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတဲ့အပေါ်မှာ ကိုယ်ယုံ ကြည်တဲ့ ကိုယ်စားလှယ်လောင်းကိုမဲထည့်ခဲ့တယ်။ အနိုင်ရတဲ့ ကိုယ်စားလှယ် အနေနဲ့ လမ်းတွေ၊ ရေမြောင်းတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးစေချင်တယ်။ ရန်ကုန်မြို့ကြီးကို ပြုပြင်ပြောင်းလဲဖို့ အများကြီးလုပ်ရပါဦးမယ်။ အဲဒီလိုအပ်ချက် တွေကိုနောက်ထပ် တင်မြှောက်ခံရမယ့် ကိုယ်စားလှယ်တွေအနေနဲ့ လုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ’’ ဟုပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲတွင် ဝင်ရောက်အရွေးခံကြသည့် ကိုယ်စားလောင်းများသည်လည်း ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ရန်ကုန်မြို့နေပြည်သူများ၏ မျော်လင့်ချက်အတိုင်း သန့်ရှင်းသာယာလှပပြီး စည်းကမ်းရှိသည့် မြို့တော်ကြီးအဖြစ် ပြောင်းလဲပေးနိုင်မည့် အစီအစဉ်များကို ရန်ကုန်မြိုနေ မဲဆန္ဒရှင်ပြည်သူများထံ ကတိကဝတ်များ ပြုခဲ့ကြသည်။
မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ကိုယ်စားလှယ်လောင်း ဦးစိန်ထွန်း က ’’စည်ပင်နဲ့ပတ်သက်လို့ ပြည်သူတွေ အလေးအနက်ထားတဲ့ ကိစ္စတွေ၊ လိုအပ်ချက်တွေကို ဥပဒေဘောင်းအတွင်းက ဥပဒေနဲ့အညီ ဖြည့်ဆည်းပေးသွားမယ်။ အကျင့်ပျက်ခြစားမှုတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့အတူ ကိုယ်နိုင်သလောက် တိုက်ဖျက်သွားမယ်။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကိုနားထောင်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားမယ်။ ရန်ကုန်မြို့ကြီးစည်းကမ်းတကျ ဖွံ့ဖြိုး တိုးတက်ဖို့ တစ်ထောင့်တစ်နေရာကနေ လုပ်ဆောင်ပေးသွားမယ် ’’ ဟုပြောသည်။
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း ၃၃ မြို့နယ်တွင် ကျင်းပသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဆင့်ဆင့် ရွေးကောက်တင် မြောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၃ ဒသမ ၄ သန်း ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကော်မရှင် သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်အဆင့်ဆင့် ရွေးကောက် တင်မြောက်ပွဲတွင် မြို့တော်ကော်မတီဝင် နေရာအတွက် ၂၇ဦး၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ နေရာအတွက် ၉၉ ဦး၊ မြို့နယ်အဖွဲ့ဝင် (၁) နေရာ အတွက် ၇၄ ဦးနှင့် မြို့နယ်အဖွဲ့ဝင် (၂) နေရာအတွက် ၇၂ ဦး၊ စုစုပေါင်း ကိုယ်စား လှယ်လောင်း ၂၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများအား မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာတွင် မဲလက်မှတ် ၄ စောင်ထုတ်ယူရပြီး မြို့တော်ကော်မတီဝင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အဖွဲ့ဝင် (၁)နှင့် မြို့နယ်အဖွဲ့ဝင် (၂) နေရာများအတွက် မဲဆန္ဒပေးရကြောင်း သိရသည်။
မဲရုံများတွင် ဆန္ဒမဲလာရောက်ပေးသည့် မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများ၊ မဲရုံးမှူးများနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။
ကျောက်တံတားမြို့နယ် အမှတ် (၇) ရပ်ကွက် ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်နိုင်ဦး က ’’ အမှတ် (၇) ရပ်ကွက်မှာ မဲရုံ (၁)၊ (၂)၊ (၃) ဆိုပြီး စုစုပေါင်း မဲရုံ ၃ ရုံ ရှိတယ်။ အားလုံးပေါင်း မဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၄၀ဝ ကျော် ရှိပါတယ်။ မဲလာထည့်တဲ့အပေါ် စနစ်တကျဖြစ် အောင် မဲရုံးမှူး၊ ဒုတိယမဲရုံမှူးတွေကို ဆရာ၊ဆရာမတွေက တာဝန်ယူထားပါတယ်။ အတွေ့အကြုံရှိတဲ့သူတွေပါပဲ။ အခက်အခဲတော့မရှိပါဘူး။ မြို့နယ်ကလည်း စနစ်တကျ သင်တန်းတွေပေးထားပါတယ် ’’ ဟု ပြောသည်။
စည်ပင်ရွေးကောက်ပွဲကို ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် မဲဆန္ဒနယ် ၆ ခုသတ်မှတ်ကာ မဲရုံပေါင်း ၂၈၇၉ ရုံရှိကြောင်း မဲဆန္ဒနယ် (၁)တွင် တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ မဲဆန္ဒနယ် (၂)တွင် ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ မဲဆန္ဒနယ် (၃) တွင် ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဆိပ်ကမ်း၊ ဒဂုံ၊ပန်းဘဲတန်း၊ ဗဟန်း၊လသာ၊ လမ်းမတော်၊အလုံ၊ တာမွေ၊ကမာရွက်၊ ရန်ကင်း၊ မဲဆန္ဒနယ် (၄)တွင် ကျောက်တံတား၊ ဒေါပုံ၊ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊သာကေတ၊ဒလ၊ဆိပ်ကြီးခနောင်တို၊ မဲဆန္ဒနယ် (၅)တွင် လှိုင်သာယာ၊ အင်းစိန်၊ မဲဆန္ဒနယ် (၆)တွင် မရမ်းကုန်း၊လှိုင်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ မြို့နယ်တို့ ပါဝင်ကြကြောင်း သိရသည်။
ကျောက်တံတားမြို့နယ် (၇)ရပ်ကွက် မှ ဦးမှတ်ကြီး က ’’ လူမှန်နေရာမှန် အများ အကျိုးသယ်ပိုးမယ့်သူကိုပဲ မဲပေးခဲ့ပါတယ်။ အရင်အစိုးရလက်ထက်တုန်းကလည်း စည်ပင်ရွေးကောက်ပွဲလုပ်ခဲ့တယ်။ အခုရွေးကောက်ပွဲကတော့ ပိုပြီးပွင့်လင်းမြင်သာ မှုရှိပါတယ်။ စည်ပင်နဲ့ပတ်သက်ပြီးပြောရရင် နောက်ဖေးလမ်းကြား သန့်ရှင်းစေချင်တယ်။ အိမ်ရှေ့တွေမှာ လမ်းလျောက်လို့မရအောင် ပန်းအိုးတွေ ချထားတယ်။ ဒါကိုလည်း တက်လာမယ့်ကိုယ်စားလှယ်တွေ ရှင်းပေးစေချင်ပါတယ် ’’ ဟု ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်အဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲကို ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ သန့်ရှင်းလွတ်လပ်ပြီး တရားမျှတစွာဖြင့် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်လွယ်ကူစွာ မဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျစီမံ ဆောင်ရွက်ပေးခဲ့ကြသည့်နည်းတူ အရပ်ဖက်လေ့လာစောင့်ကြည့်ရေး အဖွဲ့များကလည်း သက်ဆိုင်ရာမဲရုံများ အလိုက် လာရောက်ကြည့်ရှုလျက်ရှိသည်။
အလားတူ မဲရုံသို့ လာရောက်ဆန္ဒမဲပေးကြသည့် ကျန်းမာရေးမကောင်းသော မဲဆန္ဒရှင်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းမဲဆန္ဒရှင်များအတွက် လူမှုရေးအဖွဲ့အစည်းများက လည်း ကူညီဆောင်ရွက်ပေးကြသည်။
မြတ်ကုသိုလ် လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်း က ’’ လာရောက် မဲထည့်ကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေ၊ သက်ကြီးရွယ်အိုတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက် တွေကူညီပေးနေတာပါ။ ချော်လဲပြီး ခြေခေါက် သွားတာတစ်ယောက်ပဲရှိပါတယ်။ ဆေးလိမ်း၊ ပတ်တီးစည်းပေးပြီး အိမ်ပြန်ပို့ပေးခဲ့ပါတယ်။ ကျန်တဲ့ကျန်းမာရေးဖောက်ပြန်မှုမျိုးတော့မရှိပါဘူး။ မဲဆန္ဒရှင်ပြည်သူတွေ စိတ်အေးချမ်းသာစွာနဲ့ မဲပေးနိုင်အောင် တစ်ဖက်တစ်လမ်းက ပါဝင်ကူညီ စောင့်ရှောက်ခွင့် ရတဲ့အတွက် အသင်းအနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပါတယ် ’’ ဟုပြောသည်။
ယနေ့ကျင်းပသည့် စည်ပင်ရွေးကောက်ပွဲတွင် ညနေ ၄ နာရီနောက်ပိုင်း မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များက မဲပုံးများကို ဖွင့်ဖောက်၍ ခိုင်လုံမဲနှင့်ပယ်မဲတို့ကို စနစ်တကျ ရေတွက်ပြီး သက်ဆိုင်ရာမှတ်တမ်းစာအုပ်များ မှတ်တမ်းရေးသွင်းကာ ရရှိလာသည့် မဲများအပေါ် အနိုင်အရှုံး ရလဒ်ကို ယနေ့ ညပိုင်းမှစတင်ကာ ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်း-မင်းသစ်(MNA)၊ဇော်ကြီး/ဓာတ်ပုံ-နေဇော်ရဲဖေ)


